အတူရေးကြတာ မှန်ပေမယ့် မတူတာတွေ ထွက်လာရတဲ့ အကြောင်းက အမျိုးမျိုး
ရှိတာပေါ့။ ဆရာက သင်ပေးလိုက်တာတော့ တစ်မျိုးတည်းပါပဲ၊ အကြောင်းအရာကလည်း
တစ်ခုတည်းပါပဲ။ ဒါပေမယ့် ခံယူမှု မတူကြဘူး၊ လိုက်နာမှု မတူကြဘူး၊ အကျင့်အကြံ
မတူကြဘူး၊ အကြိုက် မတူကြဘူး၊ ခံစားမှု မတူကြဘူး၊ သုံးကြတဲ့ ပစ္စည်း
(ဆေး၊စက္ကူ) မတူကြဘူး။ ဒါ့ကြောင့် ထွက်လာတဲ့ အဖြေကလဲ မတူကြဘူးပေါ့ဗျာ။
တစ်မျိုးစီပေါ့။
"မကောင်းဘူးလား" လို့ မေးရင် "ကောင်းပါတယ်၊ တစ်မျိုးစီကောင်းတာပါ" လို့ ဖြေရမှာပါပဲ။
"ဘယ်ဟာအကောင်းဆုံးလဲ" လို့ မေးရင် "အတူတူရေးကြသူတွေ အများဆုံးကြိုက်တဲ့ ပန်းချီကားကို အကောင်းဆုံးလို့ ပြောရင် ရမှာပါပဲ။ လူတိုင်းကြိုက်ချင်မှ ကြိုက်မှာပါ။ ပန်းချီဆရာ (၉)ယောက်အတူရေးလို့ (၆)ယောက်လောက် ကြိုက်တယ်ဆိုရင် မဆိုးဘူးပေါ့ဗျာ။ တခါတလေ ကိုယ်တိုင်မကြိုက်ပေမယ့် သူများက ကြိုက်နေတတ်တယ်။ ကိုယ်တိုင်က ကြိုက်နေပေမယ့် သူများက ကြိုက်ချင်မှ ကြိုက်မယ်။ အကြိုက်ဆိုတာ ကွဲပြားနိုင်တာပါပဲ။ ကွဲပြားခွင့်လဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ဆရာ ပြောဖူးတာလေးကို ကျွန်တော်လက်ခံတာပေါ့ဗျာ"
"ခင်ဗျားဆရာက ဘာများ ပြောဖူးလို့လဲဗျ"
"အော်. . . ဒီလိုပါ။ လူများလုပ်ကိုင်ဆောင်ရွက်ထားတဲ့ အနုပညာ ပစ္စည်းတစ်ခု (ပန်းချီကားပဲ ဖြစ်ဖြစ်၊ ပန်းပုရုပ်ပဲ ဖြစ်ဖြစ်) ကြည့်ပြီးရင် ကောင်းတယ်၊ မကောင်းဘူးပြောတာထက်စာရင် ကြိုက်တယ် မကြိုက်ဘူးပြောတာက ပိုသင့်တော်တယ် လို့ ပြောဖူးလို့ပါ။ ကြိုက်တယ် မကြိုက်ဘူးဖိုတာက ကိုယ်တစ်ယောက်တည်းနဲ့ ပတ်သက်နေတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ တခြားပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေရော ပါဝင်နေတတ်တယ် လို့ ပြောဖူးပါတယ်။ ဒါ့ကြောင့်လဲ ဆရာက ပညာရပ်ပိုင်းဆိုင်ရာမှာ ဘာမှ နားမလည်တဲ့သူ တစ်ထောင် ချီးမွမ်းတာကို ကျေနပ်နေမယ့်အစား တတ်သိနားလည်သူ ပညာရှင်တစ်ဦးတစ်ယောက် အပြစ်ပြောတာကို လက်ခံနိုင်အောင် ကြိုးစားစေချင်တယ်" လို့ ပြောခဲ့ဖူးတာပေါ့။
"ပန်းချီကားတွေကို အောက်ဒိုး (OUT DOOR) ထွက်ရေးကြတာ ဘာဖြစ်လို့လဲဗျ။ အင်ဒိုး (IN DOOR) ရေးလို့ရော မရဘူးလား။ အခုအချိန်မှာ ပန်းချီကားအောက်ဒိုး (OUT DOOR) ရေးသူရှားလာပြီ ထင်တာပဲဗျ။ ကျွန်တော်တို့ ဟံသာဝတီ သတင်းစာခေတ်က (OUT DOOR) ရေးနေသူတွေပါတဲ့ သတင်းတွေ ဖတ်ဖူးတယ်ဗျ။ အခု အဲ့လိုသတင်းမျိုး သိပ်မတွေ့ရဘူး။ ရေးရော ရေးကြသေးရဲ့လား"
"ရေးကြပါတယ်ဗျာ။ ဒါပေမယ့် နည်းပါတယ်။ (OUT DOOR) ရေးနိုင်ဖို့က တော်တော်ကြိုးစားရတာဗျ။ ပန်းချီ၊ ပန်းပုကျောင်းတက်ပြီးမှ (OUT DOOR) ရေးရတဲ့ အရာဟာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလေလေ ပိုပြီး ခက်ခဲနက်နဲလေလေ ဖြစ်လာတယ် ဆိုတာ သိလာရတယ်။ လိုက်လေ ဝေးလေပါပဲဗျာ"
"ကျောင်းက အောက်ဒိုး (OUT DOOR) ရေးနည်း သင်မပေးလိုက်ဘူးလားဗျ"
"ကျောင်းက အောက်ဒိုး(OUT DOOR) ရေးနည်း၊ အင်ဒိုး(IN DOOR) ရေးနည်း ဆိုပြီး သင်ပေးလိုက်တာ မဟုတ်ဘူးဗျ။ အခြေခံကျတဲ့ သဘောတရားတွေနဲ့ သဘာဝကို လေ့လာချဉ်းကပ်တဲ့နည်း၊ ရှာဖွေနည်းတွေကို သင်ပေးလိုက်တာဗျ။ ကျောင်းက ဆေးကျွေးတာ မဟုတ်ဘူး၊ ဆေးဖော်နည်း ပေးတာ။ ဟင်းပေးတာ မဟုတ်ဘူးဗျ၊ ဟင်းချက်နည်း ပေးတာ။ မီးခြစ်ပေးလိုက်တာ မဟုတ်ဘူး၊ မီးရအောင် လုပ်ကိုင်ဆောင်ရွက်တဲ့နည်း ပေးလိုက်တာပါ"
(IN DOOR)အင်ဒိုးမှာ အရင်ဆုံး လေ့လာရတာက Point, Line, Shape, Form. . ဆိုတဲ့ အစက်အပျောက်တွေ၊ မျဉ်းကြောင်းတွေ၊ ပုံသဏ္ဍာန်တွေနဲ့ ပုံသဏ္ဍာန်တွေကနေ ထုထည်ရအောင် လုပ်ကိုင်ရေးဆွဲနည်းတွေ သင်ပေးလိုက်တာ။ အဲ့ဒီလို ရေးတတ်ဖို့အတွက် Point ဆိုတဲ့ အစက်အပျောက်တွေကို ဆက်ရင် မျဉ်းကြောင်းတွေ ရတယ်။ မျဉ်းကြောင်းတွေကို ဆက်ရင် ပုံသဏ္ဍာန်တွေ ရတယ်။ ပုံသဏ္ဍာန်တွေကို ဆက်စပ်ရင် ထုထည်တွေကို ရတယ်ဆိုတဲ့ ရာထား တည်ဆောက်နည်းတွေကို အရင်သင်ရတယ်။ မျက်စိအလေ့အကျင့်၊ လက်အလေ့အကျင့်တွေရအောင် လုပ်ရတယ်။ ရပြီဆိုရင် OBJECT- ပစ္စည်းတွေကို စားပွဲပေါ်မှာတင်ပြီး ဆရာက ရေးခိုင်းတယ်။ ပုလင်း၊ အိုး၊ ယွန်းအစ်၊ ထုလုံးရှည်၊ အလုံး၊ လေးထောင့်၊ အဝိုင်း၊ ထုလုံးချွန်၊ ဆလင်ဒါ၊ ပိရမစ်ပုံ အစရှိတဲ့ အရာတွေကို ရေးရတယ်။ အဲ့ဒီပစ္စည်းတွေရဲ့ အချိုးအစား၊ နေရာယူမှုတွေကို မှန်ကန်အောင် ရေးဆွဲလေ့ကျင့်ရတယ်။ မျဉ်းကြောင်းသဘောအရ အဲ့ဒီအရာတွေ မှန်ကန်လာပြီဆိုရင်တော့ အဲ့ဒီပစ္စည်းတွေရဲ့ သဘောတွေ (အသားသဘော - TEXTURE ၊ အနုအရင့်သဘော - TONE ၊ အလေးချိန်သဘော - WEIGHT) တွေကို ခဲတံနဲ့ အရင် ရေးရတယ်ဗျ။
အဲ့ဒါကြောင့်ထင်တယ်။ ကျွန်တော် ပန်းချီ၊ ပန်းပုကျောင်းရောက်တော့ အိုးတွေ၊ ခွက်တွေပဲ ရေးရေးနေတာ တွေ့ရတယ်။ အကြာကြီးရေးရတာလားဗျ။
တော်တော်ကြာကြာ ရေးရတာပေါ့ဗျ။ အစပထမ ပုလင်းတစ်လုံးကို မျဉ်းကြောင်းအဖြစ် မြင်အောင်ကြည့်ရတယ်ဗျ။ မျဉ်းဖြောင့်၊ မျဉ်းကောက် ပါဝင်မှုတွေ၊ အနိမ့်အမြင့် အကျဉ်းအကျယ်တွေ မှန်ကန်အောင် လေ့လာ လေ့ကျင့်ရေးဆွဲရတယ်။ ဒါတွေ မှန်ကန်သွားပြီဆိုတော့မှ သူ့သဘော (အသားသဘော - TEXTURE ၊ အလင်းအမှောင်သဘော - LIGHT AND SHADE) တွေကို ထပ်ပြီး လေ့ကျင့်ရတယ်။ တစ်ရက်နဲ့ တစ်ရက်၊ တစ်နေ့နဲ့ တစ်နေ့ ပုလင်းတစ်လုံးကို လေ့လာရင်း လေ့လာရင်းနဲ့ မတူတာတွေကို မြင်လာရတယ်ပေါ့ဗျာ။ ဒါ့ကြောင့် ပန်းချီဆရာက " သူများမြင်တာကိုလဲ မြင်တယ်၊ သူများမမြင်တာကိုလဲ မြင်တယ် " လို့ ပြောတာပေါ့ဗျ။
အဲ့ဒီ ပုလင်းတွေ ခွက်တွေကို ဘာဖြစ်လို့ ရေးရတာတုန်းဗျ။ တခြားဟာတွေ ရေးရင်ရော မရဘူးလား။
ရပါတယ်ဗျာ။ အမြဲ မဖောက်မပြန်၊ မပြောင်းမလဲ တည်ရှိနေတယ့် မည်သည့် REGULAR ပစ္စည်းကိုမဆို ရေးလို့ရပါတယ်။ အဲ့ဒီ REGULAR တွေကို ရေးနိုင်ပြီဆိုရင် IRREGULAR လို့ ခေါ်တဲ့ ပစ္စည်းတွေကို ရေးဆွဲရတယ်။ လေ့ကျင့်ရတယ်။ အဲ့ဒါက STILL LIFE လို့ ခေါ်တဲ့ သက်ရှိ၊ သက်ငြိမ်ပစ္စည်းတွေကို ရေးဆွဲ လေ့ကျင့်ရတယ်။ ပန်းတွေ (ပန်းအမျိုးမျိုး)၊ သစ်သီးတွေ (အသီးအနှံမျိုးစုံ)ကို ရေးရတယ်။ ပန်းဆိုရင် မညှိုးနွမ်းခင်မှာ ရှိတဲ့ လတ်ဆတ်မှုတွေရအောင်၊ အသီးအနှံတွေဆိုရင် ပိန်ရှုံ့ခြောက်သွေ့ မသွားခင် လတ်ဆတ်မှုနဲ့အတူ ရှိနေတဲ့ အရောင်တွေကို ရအောင် လေ့လာရေးဆွဲရတယ်။ အဲ့ဒီဟာတွေရအောင် ရေးနိုင်ပြီဆိုမှ LANDSCAPE လို့ခေါ်တဲ့ မြေပြင်ရှုမျှော်ခင်းတွေကို ရေးရတာဗျ။
ဒါဆိုရင် ရှုခင်းရေးဖို့ တော်တော်နဲ့ မလွယ်ပါလားဗျ။
ဟုတ်တယ်။ ရှုခင်းမှာတောင် အမျိုးအစားအမျိုးမျိုး ကွဲသေးတာဗျ။
- မြေပြင်ရှုခင်း - LANDSCAPE
- တောင်ပေါ်ဒေသ ရှုခင်း - MOUNTAIN SCAPE
- မြို့ပြ ရှုခင်း - TOWN SCAPE
- ကျေးလက်ရှုခင်း - VILLAGE SCAPE
- မြစ်ပြင် ရှုခင်း (မြစ်ဘေး၊ ချောင်းဘေး၊ မြစ်ဆိပ်၊ မြစ်ကမ်းရှုခင်း) - RIVER SCAPE
- ပင်လယ်ပြင် ရှုခင်း - SEA SCAPE
- သစ်တော ရှုခင်း - FOREST SCAPE အစရှိတဲ့ အရာတွေကို သိအောင်ရေးတာပေါ့။ ဒါ့ကြောင့် ပန်းချီဆရာတွေက မြို့ပြနဲ့ ဝေးတဲ့ ချင်းတောင်၊ အင်းလေး၊ ပုဂံ အစရှိတဲ့ မြန်မာနိုင်ငံ နေရာဒေသ အနှံကို OUT DOOR ထွက်ရေးကြတာပေါ့။ အဲ့ဒီလို သွားလာရေးဆွဲတော့မှ ကိုယ့်မြေ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွင်းက တိုင်းရင်းသာ လူမျိုးတွေရဲ့ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို သိမြင်ခွင့်၊ လေ့လာခွင့်ရတာတွေကို ကိုယ်တစ်ယောက်တည်း ခံစားတာ မဟုတ်ပဲ ပြည်သူတွေပါ မိမိကဲ့သို့ ခံစားလာရအောင် ပြပွဲတွေ လုပ်ပြီး ပြသကြတာပေါ့ဗျာ။
"နေပါဦးဗျ။ အဲ့ဒီလို သွားရေးတော့ အခက်အခဲတွေ မရှိဘူးလား"
"ရှိတာပေါ့ဗျာ။ နယ်တွေမှာဆို မျောက်ပွဲကြည့်သလို ပန်းချီဆရာကို ဝိုင်းအုံကြည့်နေကြတာ။ အထူးအဆန်းပဲပေါ့။ မမြင်ဖူး မတွေ့ဖူးတော့လဲ အထူးအဆန်းဖြစ်ကြတာပေါ့။ တချို့ဆို သူတို့ထင်သလို သူတို့မြင်သလို ပြောသွားလိုက်ကြတာ ကိုယ်ဆို ရစရာတောင် မရှိဘူး"
"ဟုတ်လား. . ဘာတွေပြောသွားကြလို့တုန်း"
"မှတ်မှတ်ရရ. . . ၁၉၉၆ခုနှစ် ဇွန်လတုန်းကပေါ့ဗျာ။ တောမှာတော့ မဟုတ်ဘူး။ မြို့ပေါ်မှာပေါ့။ မန္တလေးကျုံးနဲ့ မန္တလေးတောင်ကို ကျုံးအရှေ့ဘက်ဒေါင့်ကနေ မြင်ရတဲ့ ရှုခင်းကို ကျွန်တော့်တပည့်တွေနဲ့ ရေးနေတာ။ ရေးနေတုန်း DTဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက် အနားလာရပ်တယ်။ နောက်ကလူငယ်က ဆင်းပြီး ပန်းချီရေးနေတာ လာကြည့်တယ်။ ခဏကြာတော့ ရှေ့က ဆိုင်ကယ်မောင်းတဲ့ လူငယ်က "ဟေ့ကောင်၊ သွားရအောင် လာကွာ" လို့ ခေါ်တယ်။ ကြည့်နေတဲ့လူငယ်က "နေပါဦးကွာ၊ ခဏလေးပါ။ ငါပြီးအောင်ကြည့်ချင်လို့ပါ" တဲ့။ ဒီတော့ သွားဖို့ခေါ်နေတဲ့ လူငယ်က ဆိုင်ကယ်ကို ဒေါက်မထောက်ဘဲ ရပ်ထားပြီး ဆိုင်ကယ်ပေါ်ကနေ "မင်းကလဲကွာ၊ အလုပ်မရှိတဲ့လူတွေ လုပ်နေတာကို ဘာဖြစ်လို့ ကြည့်နေမှာတုန်း" တဲ့ဗျာ။ ကဲ. . ပြီးရော။ ပန်းချီဆရာ ပန်းချီရေးတာ အလုပ်မဟုတ်ဘူးတဲ့ဗျာ။ ကျွန်တော့်ဘဝမှာ မှတ်သားမိတာလေးပါ။ စိတ်ကသိကအောင့်နိုင်တာလေးပါ။ ဒါက အနိမ့်ဆုံးတွေ့ရတဲ့ အခက်အခဲတစ်ခုပါပဲဗျာ။ ကိုယ်လိုပဲ တခြားလူတွေလဲ တွေ့ရတာပါပဲ။ ရယ်စရာ မောစရာလေးတွေပေါ့ဗျာ။ ဆရာကြီး ဦးထွန်းညွန့်နဲ့အတူ အောက်ဒိုးထွက်တုန်းက အတွေ့အကြုံကလဲ မှတ်မှတ်သားသား ရှိလိုက်တဲ့ အတွေ့အကြုံပါပဲ။
Posted by: ခင်မောင်စန်း(မန္တလေး)

No comments:
Post a Comment