Friday, May 30, 2014

လူငယ်ပန်းချီဆရာ ၀င်းလွင်အောင်ရဲ့ The Hope of Tomorrow ပန်းချီပြပွဲ


ရန်ကုန်ပန်းချီပန်းပုကျောင်းဆင်း၊ ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)မှာ ပထမနှစ်တစ်နှစ်ဘဲတက်ခဲ့သူ၊ လူငယ်ပန်းချီဆရာ ၀င်းလွင်အောင်ရဲ့ The Hope of Tomorrow အမည်ရှိ တစ်ကိုယ်တော်ပန်းချီပြပွဲကို 2.6.2014 ရက်ကနေ 6.6.2014 ထိ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းထောင့်မှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမ ပြသမယ်လို့ သတင်းရရှိပါတယ်။

Date -(2/6/2014 to 6/6/2014)
Time -9:00 AM to 5:00 PM
Place-Lokanat Gallery

Wednesday, May 14, 2014

ACIENT BAGAN Art exhibition


ပန်းချီချစ်သူများအတွက် သတင်းကောင်း
Mandalay Hill Art Gallery
မန္တလေးတောင်ပန်းချီပြခန်းတွင်
ပုဂံမှပန်းချီဆရာများရဲ့ရေးဆေးပန်းချီပြပွဲ
ACIENT BAGAN Art exhibition ကို17.5.2014ရက်မှ21.5.2014
ရက်နေ့အထိပန်းချီပြပွဲပြသသွားမယ်လို့ သတင်းရရှိပါတယ်။

Monday, May 12, 2014

အမျိုးသမီးပန်းချီပြပွဲ ကျင်းပမည်


မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို)ရဲ့ ဦးဆောင်မှူနဲ့ မြန်မာအမျိုးသမီးပန်းချီပြပွဲကို ၂၆.၆.၂၀၁၄ ရက်နေမှ ၁.၇.၂၀၁၄ ရက်နေ့အထိ ပြပွဲကျင်းပမှာဖြစ်ပါတယ်။
၂၅.၆.၂၀၁၄ ရက်နေ့မှာ ပန်းချီကားတွေချိတ်ဆွဲမှာဖြစ်ပြီး
ပါဝင်ပြသမယ့် အမျိုးသမီးပန်းဆရာမများအနေဖြင့် ၁၆.၅.၂၀၁၄ ရက်နေ့ 
နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ကြောင်း သတင်းရှိပါတယ်။
posted by စိုင်းမောင်မောင် 

Sunday, May 11, 2014

Studio Square မှာပြသမဲ့ တော်တီဆွေ၏ ခြစ်ခြင်းများ


ကာတွန်းဆရာ တော်တီဆွေရဲ့ 35 နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပုလဲကွန်ဒို၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်၊ ရန်ကုန်မှာရှိတဲ့ Studio Square ပန်းချီပြခန်း မှာ သူရေးဆွဲခဲ့တဲ့ သူ့ရဲ့မိတ်ဆွေတွေရဲ့ ရုပ်ပုံများကို 18 ရက်၊ မေလ၊ 2014 (တနင်္ဂနွေနေ့)၊ နေ့လည် 12 နာရီမှ 6 နာရီထိ(တစ်ရက်တည်းသာ) ပြသမယ်လို့ သတင်းရရှိပါတယ်။
ပြပွဲမှာ ရောင်းချလို့ရတဲ့ ပိုက်ဆံတွေကို ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေအတွက် အလှူအတန်းပြုလုပ် မှာဖြစ်ကြောင်း ပန်းချီချစ်သူ၊ ကားတွန်းချစ်သူများအတွက် သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

Posted by : စိုင်းမောင်မောင်

ဘာကိုပန်းချီလို့ခေါ်မှာလဲ…..(2) ပြပွဲများ




 ပြတိုက်တွေပြခန်းတွေက လုပ်နေတဲ့ အနုပညာခင်းကျင်းတင်ပြမှုတွေဟာ ကျနော့်မျက်စိထဲတော့…ဘယ်နိုင်ငံဘယ်နေရာမှာဆိုတဲ့လက်ရှိအခြေနေကိုမေ့လျှော့သွားစေတယ်… ဘာလို့လဲဆိုတော့ အနုပညာခင်းကျင်းပြသတယ်ဆိုတာဘယ်နိုင်ငံမှာမဆိုအခြေခံအချက်တွေက အတူတူမို့ပဲ။ မြန်မာပြည်မှာလုပ်ကိုင်နေကြတဲ့အနုပညာတင်ဆက်မှုတွေလည်း ဒီသဘောပဲလို့တွေးမိလာတယ်..နောက်ပီးလက်ရာတွေတချို့ဟာ မြန်မာပန်းချီဆရာလူငယ်တချို့လက်ရာတွေနဲ့ ယှဉ်ထိုးမြင်မိနေတယ်။ ဒီတော့…အားလုံးတပြေးညီပြောင်းလဲနေတဲ့ခေတ်ဖြစ်တာမို့ အဆင့်တန်းအနေနဲ့ဆိုရင် မြန်မာဟာ စီးပွားရေးနိုင်ငံရေးဘယ်လိုဆိုတာထား…အနုပညာမှာနောက်မကျဖူးလို့ မြင်လာပါတယ်။ လုပ်ကိုင်နိုင်စွမ်း၊နားလည်နိုင်စွမ်းနဲ့…ခံစားမှုအတိုင်းတာမှာ အာရှတွေအားလုံးအတိုင်းတာလောက်တော့တပြေးညီအဆင့်တန်းမီတာသေချာပါတယ် နမူနာတွေပြပါ့မယ်…။ ဒါပေမယ့်ဘာတွေကတန်းတူယှဉ်နိုင်တဲ့အခြေနေရှိပီး ဘာတွေနောက်ကျ လိုအပ်နေသလဲဆိုတာ ခွဲခွဲခြားခြားပြောဖြို့လိုပါတယ်…။ ဆက်ဖတ်ရင်း…ဥပမာတချို့နဲ့ပြောပြမယ်။ ပြပွဲတွေအကြောင်းနဲ့ လက်၇ာတွေအပေါ်အမြင်တွေက ရောနှောစုပေါင်းရေးဖို့ မလွယ်တာတွေ့ရတယ်…သိပ်များပြားလှပါတယ်။ မြင်သမျှပုံတွေ ရိုက်တင်လိုက်လို့ရပေမယ့် ဒါဟာပြောချင်တဲ့အနုပညာကိစတွေ ကြည့်သူအကုန်ရရှိဖို့ မသေချာပါဘူး…မှတ်တမ်းလောက်ပဲရမယ်)..ဘာလို့လဲဆိုတော့ လက်ရာတချို့က ဓာတ်ပုံရိုက်ယူလို့ မြင်ရတဲ့ပုံလောက်ကို ရည်ရွယ်ပြသထားတာမဟုတ်လို့ပါပဲ (ပြုလုပ်ထားပုံ၊ အဆပ်အစပ်၊ နေရာ၊ အချိန်တိုင်ပင်၊ အင်တာအက်တစ်…စသည်)။
မီဒီယံအစွဲလမ်း…..။။
ပထမဆုံး သိပ်ကြွေစရာကောင်းတဲ့ လက်ရာတချိုနြဲ့ မိတ်ဆက်ပေးပါမယ်။ ဒါကတော့ အသုံးပြုပစ`စည်း…. (မက်တီးရီးယယ်)ကိစကိုပြောလို့အကောင်းဆုံးပါပဲ။
ရောဘတ်လောင်ဂို…။ နယူးယော့ရဲ့အနုပညာရပ်ကွက် ပြခန်းတွေရာချီရှိတဲ့ ချယ်ဆီးဧရိယာမှာ တချိန်ထဲ ပြခန်းနှစ်ခုတပြိုင်ထဲပြနေတဲ့ ပန်းချီဆရာပါ…နာမည်အတော်ကြီးတယ်၊ လက်ရာကလည်း အံ့မခန်းပါပဲ။ သူရေးတာက ခဲမှုန့်ပန်းချီပါ (ချာကို) ပေါ့လေ။ အဲလိုပြောလိုက်တော့ နဲနဲအထင်သေးမသွားဘူးလား….ဟားဟား။ မသေးနဲ့ဗျို…သေသွားနိုင်တယ် လက်ရာနဲ့ တင်ပြပုံက၊ ဒီလို….ပထမပြခန်းမှာ ၀င်ဝင်လိုက်ချင်း…ဒီကူးနင်းပန်းချီကားကြီးမြင်ရသဗျ…သေချာကြည့်တော့ အဖြူအမဲကြီး…ဟင်ဘာလဲပေါ့…နောက်တော့အထဲဝင်လိုက်တာ…ဂျက်ဆင်ပိုးလော့…ဂျက်စပါဂျွန်…ရောဇန်ဘာ့ခ်…ရိန်းဟာဒ်..မာ့ရို့ကို…စတေးလ်…နယူးမင်း…စသူတို့ရဲ့ လက်ရာတွေအကုန်တွေ့ရသဗျ…. လုံးဝမူရင်းအရွယ်အတိုင်း မူရင်းအရသာ…ထပ်ပိုဆောင်းတဲ့အရသာက အဲဒီ (ချာကို) မီးသွေးမှုန့်တွေပါပဲ။ ဒီမှာတင် လက်ဖျားခါသွားတယ်…
အတွေးထဲလဲ…မူရင်းကိုထပ်တူကုးချခြင်း….မီဒီယံအသုံးပြုပုံ… တစ်စုံတစ်ခုကိုဆုပ်ကိုင်ထားသော်လည်း…ပေးတဲ့အရသာ…အကြောင်းရာနဲ့တင်ပြပုံမှာစင်္ကြ၀ဠာလာက်ချဲ့ထွင်နိုင်တာကို ပြောချင်တာ။ ဒီနေရာမှာ သူ့ပြပွဲခေါင်းစဉ်က (ဂန်းဂ်အော့ဖ်ကော့စမိုစ်)ပါ ရိုးရိုးဒဲ့ပဲပြန်ရရင်တော့ စင်္ကြ၀ဠာဂိုဏ်း (အုပ်စု)နေမှာ ပေါ့ဗျာ…(ဆရာကြီးတွေပြောသလို မှားရင်ပြင်ပေးပါပေါ့)။ မူရင်း(အေဘီအီးအိတ်ထ်)ဆရာကြီးတွေဘယ်လိုရေးခဲ့တယ်ဆိုတာ လေ့လာဖူးသူတိုင်းသိကြမှာပါ…အဲလိုအမျိုးမျိုးဖီလော်တွေ စိတ်တွေနဲ့လုပ်ချင်သလိုလွှတ်လုပ်ခဲ့ကြတဲ့ ဒီနယူးယော့ဂိုဏ်း သမိုင်းမှတ်တိုင်တွေကို…သူကပြန်ပြောပြတာ…ဘာသာစကားတစ်မျိုးနဲ့ပါ…အနေထားတမျိုးနဲ့ပါ။ နောက်ပြီး မီဒီယံတစ်ခုဟာ…ဘယ်လောက်ထိချဲ့ထွင်သုံးနိုင်မလဲဆိုတာရယ်….သူကျွမ်းကျင်ပုံကိုပြချင်တာထက်…သမိုင်းမှာရှိခဲ့တဲ့အရာဟာ…သမိုင်းဆိုပီးထားခဲ့ဖို့သင့်မသင့်၊ နောက်ပီး သူ့အရင် ရှရီလဗိုင်းတို့လို..မူရင်းကို ဓာတ်ပုံရိုက်ပီး သူ့လက်ရာအဖြစ်တင်ပြတာတွေကို တခြားပုံစံပြန်လုပ်ပြတာ…စသည်ဖြင့် စဉ်းစားပုံထောင့်စုံဖြစ်လာစရာတွေရှိလာပါတယ်။
မီဒီယံချပေးတဲ့အနှောင်ဖွဲ့ကရုန်းဖို့…..။။
သူ့အကြောင်းက ဒီမှာတင်မပြီးသေးပါ….နောက်တစ်လမ်းပြခန်းတစ်ခုသူ့ပြပွဲလဲရောက်ရော….၀င်ဝင်ချင်းပြခန်းထဲ ဂျက်စပါဂျွန်ရဲ့ အမေရိကန်အလံကြီး ချာကိုပန်းပုကြီးတစ်ခုအဖြစ် ပြခန်းကြမ်းပြင်ထဲ တစ်ဝက်စိုက်လို့..တည်ဆောက်ထုလုပ်ထားတယ်…ပြပွဲခေါင်းစဉ်က နေသို့ထိုးထွက်ခြင်း...။သစ်ရယ်စတီးလ်သံဖရိန်ရယ်ဆေးရယ်ချာကိုမှုန့်တွေတန်နဲ့ချီပြီးသုံးထားတဲ့ ဒီလက်ရာကြီးက ပေ၃၀ ပေ၂၀အမြင့်လောက်ရှိပါတယ် ပုံမှာကြည့်ပါ။ လုံးဝ ဂျက်စပါဂျွန့်ရေးချက်တွေ….အတိုင်း ဆေးတွေကော်တွေချာကိုမှုန့်တွေဖုထစ်ထွက်နေတဲ့မျက်နှာပြင်လုပ်ချက်တွေပါပါတယ်….။ ခဲမှုန့်ပန်ချီအကြောင်းဒီလောက်ရှည်ရှည်ပြောနေရတာဘာကြောင့်လဲ ရိပ်မိနေလောက်ပါပြီ။ ဒီတော့ နောက်တစ်ခန်းဝင်လိုက်တာ…မေ့မြောလောက်စရာတစ်ခုတွေ့ပါတယ်…ပုံမှာကြည့်ရင်တွေ့မှာပါ…အိမ်ဖြူတော်မြင်းကွင်းကျယ် (ပါနိုရာမား) ခန်းလုံးပြည့် မီးမှိန်မှိန်ထဲ..အဖြူနဲ့အနက်ထဲ…။ တကယ်တော့ ဓာတ်ပုံရိုက်ပြီး အဲလောက်ချဲ့ထုတ်ပြလဲရတာပဲ….ဒါပေမယ့် ချာကိုကိုပြထားတာ…ပုံတူပွားရေးဆွဲခြင်းဘာသာစကားတစ်ခုလို့ဆိုနိုင်မှာပါ။
ဒီလိုစဉ်းစားကြညိ့ရအောင်… ပန်းချီတစ်ခုဖန်တီးဖို့….အသုံးပြုခံအရာများရဲ့ ပါဝင်ပတ်သက်မှုဟာ…သူရွေးတဲ့အကြောင်းရာကြောင့် အရေးပါလာတာရှိသလို မှေးမှိန်သွားတာလဲရှိမယ်။ကျနော့်အသူအဆအရ..သူဟာ ရိုးရှင်းတဲ့မီဒီယံနဲ့ လက်ခံဆဲဘောင်တွေကို ကျော်လွန်လုပ်ပြခြင်းတစ်ခုပဲဖြစ်တယ်….ဒြပ်မဲ့ဆရာကြီးတွေရဲ့ရေးချက်ကို အတိအကျတုပလုပ်ပြတာဟာ….ဒြပ်မဲ့မဟုတ်တဲ့ ဟိုက်ပါရီရယ်လစ်စတစ် တင်ပြပုံဖြစ်တယ်။ အိမ်ဖြူတော်ရှုခင်းဓာတ်ပုံကြီး ပြန်ရေးခြင်းဟာ ကင်မရာထွက်အရုပ်ရဲ့ ကဏ္ဍကို ပန်းချီကတုန့်ပြန်ပုံတစ်ခုဖြစ်တယ်….အထူးသဖြင့် အစ်ဇင်တွေဖြစ်တဲ့..အင်ပရက်ရှင်တို့ အိတ်စပရက်ရှင်တို့ စတာတွေကနေလွန်မြောက်ခြင်းဖြစ်တယ်။။ တဖန် ရေးနိုင်တဲ့လက်စွမ်းကိုပြတာလည်းမဟုတ်…ပဲ အဲဒါတွေကနေကျော်လွန်ပြီး….ရွေးတဲ့အကြောင်းရာတွေက ပြန်ပေးတဲ့ထပ်ဆင့်အရသာကို ပြခြင်းဖြစ်တယ်…ဥပမာ ဒြပ်မဲ့က (လူ့စိတ်အခြေပြု)..စုတ်ချက်ကြမ်းတမ်းတွေ ဆေးစက်စင်သွားတဲ့ထုအရိပ်လေးတွေ၊ နောက် ဓာတ်ပုံကိုပြန်ကူးတဲ့လက်ရာမှာလည်း(သိပံနည်းပညာရဲ့အလုပ်)…ကင်မရာမှန်ဘီလူးက တစ်နေရာကိုဖိုးကပ်ဖြတ်ထားပေမယ့်တချို့လှုပ်ရှားနေတဲ့သစ်ပင်လို ကျန်တဲ့ရှိုတ်ဖြစ်သွားတာလေးတွေကို သူ့အတိုင်းပြန်ပြောပြခြင်းမျိုးဖြစ်တယ်။ ဒါပေမယ့် ဒြပ်မဲ့ပန်းချီကားအစစ်ကြီးကြည့်တာ၊ ဓာတ်ပုံအစစ်ကြီးချဲ့ထားတာကိုကြည့်တာနဲ့ ရလဒ်မတူပါဘူး။
ဒီတော့ ပန်းချီလုပ်နေသူတွေအတွက် နမူနာကောင်းတစ်ခုဖြစ်မယ်လို့ ယူဆပါတယ်။ ဟိုက်ပါရီရယ်လစ်ဟာ ဒီမှာလည်းခေတ်စားပါတယ်(အခြားဟိုက်ပါပန်းချီပွဲပုံလေးတွေတင်လိုက်ပါမယ်)…သူ့မှာအနုပညာခေတ်ကို တန်ပြန်စိန်ခေါ်ချက်တွေပါလို့ပါပဲ…အရင်.ဒြပ်မဲ့တွေအမျိုးမျိုးနဲ့အီလာတဲ့ခေတ်ကို ပြန်ကယ်ထားတယ်ဆိုရမှာပါ…ဒါပေမယ့် ဟိုက်ပါတွေမှာအပြိုင်ဆိုင်အရမ်းများပါတယ်။ ပုံတစ်ခုတူအောင်ရေးတာဟာ အခြားလက်ခံဆဲ…အလှကြည့်ခံစားရန်အပြင်ပေးတဲ့အခြားအရာတွေအများကြီးရှိနိုင်ပါတယ်…အဲဒီအခြားအရာတွေက ကိုယ့်ကိုပြဌာန်းပါလိမ့်မယ်…ဒီကနေ့ဟိုက်ပါရီရယ်လစ်တုအောင်ရေးနိုင်ကြသူတွေများစွာထဲမှာ ပေါက်ထွက်လာပါလိမ့်မယ်။
(ကျနော့်ကိုယ့်ကိုယ်ကိုပြန်သိမြင်ခဲ့တာလို) ရေးဆေးမှာ ရေပေါ်ကိုဆေးစက်ကလေးတင်လိုက်လို့ ပြန့်သွားတဲ့ဆေးဖွယ်ဖွယ်လေးမျိုး၊ ရေဆေးပါးပါးလေးတွေထပ်သုတ်လို့ကြည်ပြီးအရောင်ထပ်လေးတွေရောနေတာမျိုးစသဖြင့်ကို ဘာနဲ့မှမလဲနိုင်ပဲကြိုက်နေတာ ကျနော်ဘာမှပြောစရာမရှိပါ…လက်စွမ်းထက်လာလို့ လက်ရာများများထုတ်တာလည်းပြောစရာမရှိပါဘူး၊ လက်ရှိခေတ်အခြေနေကို ဘာတွေပြောင်းလဲရိုက်ခတ်အောင်လုပ်နိုင်မလဲဆိုတာသာပြောစရာရှိပါတယ်…။
ပန်းချီခေတ်ကိုဆက်လက်ထမ်းပိုးသွားမယ့် ဖျက်လတ်တတ်ကြွနေတဲ့မိတ်ဆွေရဲဘော်လေးတွေ…ဘယ်လိုမျိုးကို စံအဖြစ်လေ့လာနိုင်မလဲသာအရေးကြီးပါတယ်...(နာမည်ကြီးခေတ်ပြိုင်လက်ရာတွေအတိုင်းဆင်တူရိုးမှားလိုက်လုပ်ဖို့ထက် ကိုယ့်အကြောင်းအရာကိုယ်ပိုင်ရှာဖို့..ကျောင်းတွေတကသိုယ်တွေမှာသင်စေချင်ပါတယ်)…နိုင်ငံခြားကအွန်လိုင်းလင့်ခ့်တွေများများလေ့လာနိုင်သော်လည်း….အဲဒါနိုင်ငံခြားပဲ…ကိုယ့်မြေကိုယ့်ရေကဒါမျိုးမဟုတ်ဘူးထင်မြင်နေကြရင်လည်း…မဟုတ်သေးဘူးလို့မြင်ပါတယ်….။
လွတ်လပ်စွာအခင်မင်မပျက်ကွဲလွဲနိုင်ကြပါစေသော်….။
(ဆက်ဦးမယ်)
(နောက်တစ်ပတ်မှာ…တရုပ်ကြီးအိုက်ဝေေ၀ပွဲ အတွေ့အကြုံလေးတွေရေးလိုက်ပါမယ်….သူ့နိုင်ငံမှာ နိုင်ငံရေးသမားလောက်သာသိကြကြောင်း အတူတူသွားကြည့်တဲ့ တရုတ်၊ တိုင်ဝမ် မိတ်ဆွေတွေတောင် သူ့ကို ကြိုက်လှတယ်မဟုတ်ကြောင်းတွေကအစပေါ့လေ…)း)။
အောင်မြတ်ဌေး
(မေ ၁၁၊ ၂၀၁၄)

Saturday, May 10, 2014

ဆရာကြီးဦးငွေကိုင်ရဲ့ ရေဆေးလက်ရာ


Myanmar Art 2014 သင်းလုံးကျွတ်ပန်းချီပန်းပုပြပွဲ

 
 
မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)သင်းလုံးကျွတ်ပန်းချီပန်းပုအနုပညာပြပွဲ အစည်းအဝေး.၁ /၂၀၁၄ အစည်းအဝေး အရ Myanmar Art 2014 ဆိုပြီးတော့ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပုပြပွဲ ကျင်းပဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။

Myanmar Art 2014 သင်းလုံးကျွတ်ပန်းချီပန်းပုပြပွဲ အတွက် ကဒ်သလောက်ပြုလုပ်ရန်(15-7-2014)ရက်နေ့နောက်ဆုံးထား၍ပေးပို့ရမယ်လို့ သိရပါတယ်။ 

ပန်းချီကားကိုအကြီးဆုံး ၄ပေ ပတ်လည် အသေးဆုံး ၁ပေခွဲ ၂ပေ ဖြစ်ပြီးရေဆေး ၁၅လက်မ ၂၂လက်မ(သို့)၂၂လက်မ ၃၀လက်မ ပေးပို့ရမယ်လို့လည်းသိရပါတယ်။

Myanmar Art 2014 သင်းလုံးကျွတ်ပန်းချီပန်းပုပြပွဲမှာ ကလေးပန်းချီလက်တွေ့ရေးဆွဲပွဲပါ .ပါကြောင်း သတင်းကောင်းပေးလိုက်ပါတယ်။ 

Posted by : စိုင်းမောင်မောင် 

အနုပညာအထက်တန်းကျောင်း (ရန်ကုန်/ မန္တလေး) (ပန်ချီပန်းပုကျောင်း/ပန်တျာကျောင်း) ပထမနှစ်သင်တန်းသားသစ်များ ခေါ်ယူ

အနုပညာအထက်တန်းကျောင်း (ရန်ကုန်/ မန္တလေး)
(ပန်ချီပန်းပုကျောင်း/ပန်တျာကျောင်း)များ၏
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်
ပထမနှစ်သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိနေပါသည်။
အခြေခံပညာအလယ်တန်း(သတ္တမတန်း)အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလိုသူများအနေဖြင့်
အနုပညာအထက်တန်းကျောင်း (ရန်ကုန်)
အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း။
၀၁- ၅၅၅၆၄၂၊ ၀၁- ၅၅၄၆၉၅
အနုပညာအထက်တန်းကျောင်း (မန္တလေး)
၂၀x၂၁ လမ်းကြား၊ ၆၆ လမ်း၊ နန်းရှေ့၊ မန္တလေး။
၀၂- ၆၁၁၆၉၊ ၀၂- ၆၁၁၇၀
များသို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
တက်ရောက်နိုင်သောသင်တန်းများမှာ......
- ပန်းချီပညာ
- ပန်းပုပညာ
- မြန်မာ့ရိုးရာ အကပညာ
- မြန်မာ့ရိုးရာ အဆိုပညာ
- မြန်မာ့ရိုးရာ အတီးပညာရပ်များဖြစ်သည်။
ပန်းချီပန်းပုသင်တန်းများအတွက် လိုအပ်သောပစ္စည်းများကို
ကျောင်းမှ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
ထပ်မံသိရှိလိုသည်များရှိပါက မေးမြန်းနိုင်ပါသည်။

Friday, May 9, 2014

Myanmar Water Colour Society မှ ကျင်းပမယ့် ရေးဆေးပန်းချီပြပွဲ


ကျွန်တော်တို့၏ Myanmar Water Colour Society
အ နေဖြင့် ဖိတ်ခေါ် ရေဆေးပန်းချီ ပြပွဲ မန္တလေးတွင်ပြသရန် စတင် လှုပ် ရှားစီစဉ်ဆောင်ရွှက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ပထမအကြိမ်ပါဝင်ပြသ ပေးနိုင် ပါရန် ဖိတ်ခေါ် အပ်ပါသည်..........

ပါဝင်ပြသနိုင် ရန် .........
အောက်ပါအစီအစဉ်များချမှတ်ထားပါသည်။

၁။ ။တစ်ဦးလျှင် ၂၀ X ၃၀ လက်မ( သို့ ) ၁၅ X ၂၀ လက္မ
ပန်းချီကားတစ်ချပ်..........

၂။ ။ပြပွဲကတ်တလောက်နှင့် ပန်းချီကားဘောင် အပါဝင်
ကုန်ကျစရိတ်တို့အား အသင်းမတည်ငွေ မှ
အကုန်ကျခံ ဆောင်ရွှက်သွားပါမည်.......

၃။ ။သြဂုတ်လ ပထမပတ်အတွင်းပြပွဲ ပြသနိုင် ရန်
စီစဉ်ဆောင်ရွက်သွားပါမည်.......

၎။ ။ပန်းချီကားများကို ( ၂၅ ၊ ၇ ၊ ၂၀၁၄ ) ရက်နေ့
အ ရောက် ပေးပို့ရန် နှင့် ကတ်တ တလောက်ပြု
လုပ်နိုင် ရန် အချက်လက်ပြည့် စုံစွာဖြည့်သွင်း
ပေးရပါမည်.........

၅။ ။ပြပွဲတွင် ပန်းချီကားရောင်းချရပါက အသင်းရန်ပုံငွေ
ထည့်ဝင် ရပါမည်.......

၆။ ။ အသင်းသားအဖြစ် ပါဝင်ဆောင် ရွက်လိုပါက
မိမိဆန္ဒအ လျောက် လျှောက်ထားနိုင် ပါသည် ........

မျိုးဆက်သစ်လူငယ်များအတွက် ဒုတိယအကြိမ်စီစဉ်
်ဆောင်ရွက် သွားပါမည် .......

ဆက်သွယ်အကြောင်းကြားရန်

၁။ ဦးဇော်ဝင်း ၀၉ ၄၀၂၅၉၉၁၀၈
၂။ ဦးမာလာ ၀၉ ၃၃၃၀၃၇၁၆
၃။ ဦးခင်မောင် စန်း ၀၉ ၂၀၂၆၅၅၂


Posted by: စိုင်းမောင်မောင်

Thursday, May 8, 2014

1853 မှာ ဆွဲတဲ့ Sir Henry Yule ရဲ့ ပြည်ရွှေဆံတော်ဘုရား ရေဆေးပန်းချီပါ


Watercolour with pen and ink of the approach to the Golden Pagoda at Prome in Myanmar (Burma) by Sir Henry Yule (1820-1889) and dated March 1853. Inscribed on the front in watercolour: 'North Approach of the Golden Pagoda at Prome. March, 1853.'
BL

ဘာကိုပန်းချီလို့ခေါ်မှာလဲ…..(၁)

ဒီနေ့တော့...အခန်းထဲဗာဟီရလေးအနဲအကျဉ်းလုပ်ပီးအချိန်ရနေလို့...ပန်းချီအကြောင်းအနုပညာအကြောင်းလေးများရေးဦးမှပဲလေလို့...စိတ်ထဲရေးမယ်ရေးမယ်နဲ့တင်းထားသော်လည်း တကယ်တန်းလက်ပ်တော့ရှေ့ရောက်တော့ ဖေ့ဘုတ်စတေးတပ်လေးများလောက် တောင်မရောက်မြောက်မရောက် အတိုထွာလောက်သာရေးချင်လာပြီး....ကိုယ့်စောင့်နေမှာမဟုတ်သော..မဂဇင်းကိုလည်းပေးခါမှရောက်ရောဟုမှတ်ကာခွင့်လွတ်သီးခံစေဖို့အပြင် (ဘက်ဆဲလားမဟုတ်၊ လူလဲစိတ်ဝင်စားမှုနဲသောကျနော့်ဆောင်ပါးလိုမျိုးတကူးတကစောင့်မှာလဲမဟုတ်သဖြင့်..)ယခုရေးသားအပ်သော...အခေါ်အဝေါ်အသုံးအနှုန်းနဲ့...ပန်းချီခရီးလမ်းအဆင့်ဆင့်ကို ဒီနေရာကနေဦးစွာပထမ...အစပျိုးလိုက်ပါရစေ။

ဒီလိုပါ အခုပုံမှာတွေ့ရသလို ကျနော်တခါက ပန်းချီသင်တန်းတစ်ခုမှာ ခဏ၀င်ပွားခဲ့ဖူးပါတယ်...ဒီတုန်းကတက်ေ၇ာက်နားထောင်သူတွေလဲ..ကျနော်ပြောတာတွေ(ထုံးစံအတိုင်းး))ဟိုရောက်ဒီရောက်ဖြစ်ကြမှာပဲလေလို့ထင်မိတယ်။ (အဲဒီအချိန်ကလည်းဆီးဂိမ်းကြီးဖွင့်ပီးကာစ...ဆိုတော့ဘ၀င်မကျတာလေးတွေပြောမိသဗျ)..တကယ်ပြောချင်တာကိုမရောက်နိုင်ပေါ့လေ...ဒီတော့အဲဒီတုန်းကပြောတာလေးတွေရောနဲ့...အခုထပ်ပြောချင်တာက...

ပန်းချီအကြောင်းအနုပညာပြပွဲတွေအခြေနေတွေအကြောင်း ရေးမယ်လို့လဲဆိုရော...အခေါ်ဝေါ်အသုံးနှုန်းတွေအကြောင်းခေါင်းထဲရောက်လာတယ်..အဲဒါတွေသုံးပြီးရေးရမှာကိုး။ ဥပမာ အခုအများသုံးနေတဲ့(အနုပညာ) ဆိုတာမျိုးပေါ့ဗျာ...သူလဲအနုပညာ ကိုယ်လဲအနုပညာ၊ ဘယ်လိုဟာကအနုပညာ…ဒီထက်နဲနဲပိုမီနီမိုက်ဖြစ်တာ ပန်းချီပေါ့။ ကျနော်အခုတွေ့ရတဲ့ အနုပညာပြပွဲဆိုတဲ့ လက်ရာတွေမှာ...အများလက်ခံထားပြီး ထားဆဲ (ဒီကအခေါ်ဝေါ်ကတော့ အိုးလ်ဖက်ရှင်လို့ပြောကြတယ်)...ပန်းချီ ပန်းပု၊ အနုပညာမျိုးတွေမဟုတ်လေတော့.....ဒါတွေအကြောင်းကို အရင်အခေါ်ဝေါ်အသုံးနှုန်းတွေနဲ့ ရေးနေ ပြောနေကြတာဟာ....ခရီးမှပေါက်ရဲ့လားလို့ တွေးမိတာပါ။ ကိုယ်က ပြောနေရည်ရွယ်နေတာတခြား နားထောင်သူမှန်းမိလက်ခံမိတာတခြားဖြစ်နေမလားပေါ့။ ဒါကြောင့် အခုကဲ့သို့(စကားလုံးအသစ်မပေါ်မချင်း) တွေ့နေကျစကားလုံးအခေါ်ဝေါ်တွေဟာ ဒီဆောင်းပါးမှာတော့ ဘယ်လိုအဓိါယ်နဲ့သုံးထားသလဲဆိုတာကြိုပြောဖို့ လိုလာတယ်ထင်မိပါတယ်။

အဲဒီသင်တန်းလေးမှာပြောဖြစ်တုန်းက….ပန်းချီကိုစိတ်ဝင်စားတာကနေစပြီး ဆက်လက်ချီတက်ကြမယ့်မိတ်ဆွေတွေအချင်းချင်းပြောကြသလိုပေါ့…ပုံမှန်တော့ အပြင်ကနေပဲလေ့လာလာ ကျောင်းတို့တကသိုလ်တို့လို သင်ကြားရေးလိုင်းကနေပဲစစ… ဒီကနေကိုယ်တိုင် လက်ရာတစ်ခု ရေးနိုင်လာမယ်…။ ဒီမှာ မိမိကြိုက်တဲ့ အကြောင်းရာဖက်လိုက်ကြမယ်…အဲဒီမှာကိုယ့်ပေ၇ာ်ဖက်ရှင်နယ်ကိုသိအောင် ကိုယ်ဘာလိုချင်တာလဲသိအောင်လုပ်ကြရတဲ့အဆင့်ပါ၊ ကျနော်တို့ခေတ်တုန်းကရွေးစရာသိပ်မရှိခဲ့ဘူး၊ ရရာဒီဇိုင်နာလုပ်ကြရတာများတယ်…(အာအိုင်တီဆင်းဆရာသမားတွေတောင် ရရာလုပ်နေကြရတဲ့ခေတ်လေ) ဒီနေ့ခေတ်နဲ့ကွာသွားပီ။ ဒီတော့ အဲလိုကွာတဲ့ခေတ်ပေမယ့်….ဒီလို သင်တန်းလာတက်ရတဲ့အဆင့်ထိစိတ်ဝင်စားတဲ့သူတွေမှာ…ရှေ့ကိုဆက်သွားဖို့အတွေ့အကြုံ၊ သမိုင်း၊ စတဲ့အင်ဖာစရက်ချာ တွေဘာမှမရှိသလောက်နဲပါတယ်၊ (ဒီကိုသွားရင်ဒီရောက်မယ်လို့) သိနေကြပီးသား၊ ရှေ့ကလူတွေသွားနေပီးသား..လမ်းကြောင်းဟောင်းပဲရှိတယ်။ ဒီတော့ ဒီကလေးတွေ အဲဒီလမ်းကြောင်းမှာပဲ စုပြုံနေတာမဆန်းဘူး။ ဒါပေမယ့် အရေးကြီးတဲ့ထောက်ပြစရာလေးတွေရှိတယ်…အဲဒါက (မိမိခံစားမှုသာပဒါနဆိုတာရယ်၊ ရိုးသားအပြစ်ကင်းစွာဖန်တီးရမယ်ဆိုလေးရယ်…၊ အမြင်၊အကြောင်းအရာ…တစ်ခုခုကိုစွဲမြဲဆုပ်ကိုင်ထားရမယ်(သေတပန်သက်တဆုံး) ဒါမှ ဗန်ဂိုးတို့ဘာတို့လို နောင်လာနောက်သားတွေမှတ်မိကျန်ခဲ့မယ်…နောက်ပီး ကိုယ့်ကိုရောလက်ရာကိုရောလူတွေမှတ်မိလာစေမယ်။ အဲလိုတစ်ခုခု(အကြောင်းအရာဖြစ်ဖြစ်၊ ဟန်ဖြစ်ဖြစ်၊ အရောင်နဲ့ဖြစ်ဖြစ် (ဟာမိုနီကဘယ်လိုတို့ဘာတို့)၊ ကွန်ပိုဇေးရှင်း...ပါစပတ်တစ်ကဘယ်လိုတို့၊ ရေးချက်စတိုင်၊ အသုံးပြုတန်ဆာပလာ…စတဲ့) ကိုစွဲမြဲဆုပ်ကိုင်ထားပြီး၊ မိမိနှလုံးသားကိုလဲကြည့်းနူးနှစ်ခြိုက်စေသော…ရိုးသားမှုလည်းပါသော..အများကလည်းလှကြောင်း သစ်ဆန်းကြောင်းအားပေးကြသော၊ အလိုရှိသူကလည်း ၀ယ်ယူကြပြီး၊ ကြီးမားတဲ့ အနုပညာလက်ရာကြီးအဖြစ်လဲသိမ်းထားနိုင်သော… ပန်းချီဆိုတာများကို ဖန်တီးကြဖို့သာ…အများစုလိုက်စားကြရပါတော့တယ်။ တကယ်တန်းကျနော်လည်း ဒါကိုလက်ခံပါတယ် (သေအောင်ရေးလာခဲ့တဲ့ပန်းချီကိုလက်ခံတာပေါ့)။ ဒီလမ်းကြောင်းဟာကျနော်တို့ရဲ့သမိုင်းဖြစ်ပြီးဆက်လက်လဲဖြစ်တည်နေဆဲ…. အကြိုက်တွေ့စရာတွေလည်းအများသားပဲကိုး…။

တကယ်တော့သင်တန်းကပဲပြီးပြီးကျောင်းကပဲဘွဲ့ရရ…ကိုယ်တိုင်လက်ရာတစ်ခုဖန်တီးနိုင်လာတဲ့အခါ…လူတိုင်းကတော့ရေးကြတာပါပဲ အိုခေ…..ရေးကြပီဆိုတဲ့…အဲဒီနေရာမှာ ကျနော်တို့ဆီမှာအထူးလိုအပ်နေတဲ့…အနုပညာအင်ဖာစရက်ချာတွေဘာမှမရှိခြင်းက လူငယ်ခြေတက်တွေအတွက်ကန်စရာကွင်းမရှိသလိုဖြစ်ကြရပီး၊ ရရာ ကွင်းပြင်ထွက်ကန်ကြရသလိုပါပဲ။ အနုပညာဆိုတာဘာလဲ ပန်းချီဆိုတာဘာလဲဆိုတာအဲဒီအဆင့်မှာစလာကြတယ်…။ အခြေခံကျကျပြောရရင်…ပုံတစ်ခုပေါ်အောင်ရေးနိုင်နေပီ၊ ဆိုတော့..ကင်းဗတ် စ၀ယ်ပြီ၊ ဆေးတွေစုပြီ၊ ရေလားဆီလားအခရိုင်းလစ်လားရွေးပြီ၊ စုတ်တံဝယ်ပြီ…ဒီလို။..အဲဒီကထဲကသူတို့ဟာ အစဉ်လာကိုသွားမလို့ဆိုတာတန်းသိသာပါတယ်။ ဟင်…အဲဒီကိုမသွားရင်ကျနော်တို့ကျမတို့က ဘယ်သွားရမှာလဲဆိုတော့….(ခက်ပြီ)၊ ဒီနေရာမှာ…အထက်ကဆိုခဲ့တဲ့…အယူအဆမှိုင်းမိကြသူများနဲ့ ပုံမှန်ဝါသနာရှင်တွေဟာ…ပန်းချီကို အထက်ကဆိုခဲ့သလိုပဲလုပ်ကြတာပဲ…ထွင်ချင်ရင်လည်းရနေတာပဲလေဆိုပီးအမျိုးမျိုး… ကောက်ကြောင်းဆိုလည်း ကြမ်းကြမ်းရှိတယ်ချောချောရှိတယ်၊ ပုံတူဆိုလဲ နဲနဲတူတာ ရုပ်ပြောင်မတူတတူရှိတယ်… ရှုခင်းလဲ သဘာဝအတိုင်းထပ်တူရှိတယ် နဲနဲပြင်တာရှိမယ် အိမ်မက်ထဲက ရှုခင်းလိုရှိမယ်….။ တချို့က မိန်းမပုံချည်းဆွဲ၊တချို့က အိမ်တွေအပင်တွေဆွဲ….ရိုးရာလိုဆွဲ သဘာဝအတိုင်းဆွဲ ခပ်ဟော့ဟော့ဆွဲ….တ၀က်ဒြပ်မဲ့ (ဆီမီးအက်ဘစရက်) လိုဆွဲ…အပြည့်ဒြပ်မဲ့တွေဆွဲ၊ တချို့ကနိုင်ငံရေး…ငြိမ်းချမ်းရေး…လှုံဆော်မှုပုံစံတွေအရေး…လူမှုရေးတွေဆွဲ၊ ပန်းအိုးတွေချည်းဆွဲသစ်သီးတွေချည်းဆွဲ..လူပုံရှုခင်းအရောဆွဲ၊ သရုပ်ဖေါ်လိုစုပေါင်းထပ်စပ်ဆွဲ၊ တကြောင်းထဲတချက်ထဲပုံတူအောင်ဆွဲ၊ ရေနဲ့ဆွဲဆီနဲ့ဆွဲ…တချို့ရတဲ့ဟာနဲ့ဆွဲ၊ စပရေးနဲ့ဆွဲ၊ ဘီးနဲ့ဆွဲ…တံမျက်စီးနဲ့ဆွဲ…သံပတ်ပြားနဲ့ဆွဲ…စတဲ့စတဲ့ အဲလိုအမျိုးထွင်ပြီးဆွဲနိုင်နေတာပဲလေ…ဟု(ပညာရပ် နည်းစံနစ်ပိုင်းအမြင်များဖြင့်)ဆိုကြပြီး၊ အနုပညာသမားဟာ အနှောင်ဖွဲ့တွေမုန်းတယ် ချုပ်ချယ်တာတွေကင်းတယ်…လွတ်လပ်ရမယ်…စိတ်ကလေးကြည်လင်နေရမယ်…အပြင်ပန်းဘ၀ဘယ်လိုနေနေ စိတ်ကလေး နုးညံ့အပြစ်ကင်းပြီး…ရိုးသားစွာရေးနေကြတယ်…(မြန်မာရနံ့ကလဲသင်းနေရဦးမယ်)း)..စသည်ဖြင့်(အယူအဆအရလည်း…ဆိုကြပါတယ်….။ ကျနော်ဒါတွေပြောနေတာဟာ…ဒီအခြေနေတွေကိုလက်ခံလို့ပါပဲ၊ ကျနော်တို့ဖြစ်လာခဲ့တဲ့အရှိအတိုင်းကိုတော့လက်ခံကြရပါမယ်။ ဒါတွေကဖျောက်ဖျက်လို့မရသလိုထိန်းသိမ်းဖို့လိုတယ်လို့မြင်ရင်လဲမှန်ပါတယ်….။

ဒီတော့ ဘာကိုပန်းချီခေါ်မှာလဲဆိုတဲ့အခုကျနော့်ဆိုလိုချက်ကတော့….ပန်းချီဆိုတာ၊ အနုပညာဆိုတာ…အထက်ကကျနော်ဆိုခဲ့သလိုတွေလို့ သတ်မှတ်လက်ခံထားဆဲ လက်ခံလတံ့..သူတွေအဖို့တော့…ကျနော်ထပ်မံတင်ပြမယ့် အကြောင်းတွေနဲ့ နဲနဲ(သို့) အလုံးစုံ လွဲပါလိမ့်မယ်….။ ဒီတော့ ဆက်လက်စိတ်ပါဝင်စားမှုရှိသေးရင်ဖြစ်ဖြစ်….ဒါတွေတင်မကတခြားအရာတွေလဲရှိသေးတယ်လို့လက်ခံရင်ဖြစ်ဖြစ်… ဒါတွေကိုလုံးလုံးဆန့်ကျင်ပြီး အခြားအရာတွေကိုသာဖန်တီးမှုအနုပညာလို့လက်ခံသူပဲဖြစ်ဖြစ်ကိုတော့…..ဆက်လက်ဖတ်ရှုကြပါလို့……။

အစဉ်ခင်မင်လျှက်…..
အောင်မြတ်ဌေး
(မေလ ၇၊ ၂၀၁၄)

Wednesday, May 7, 2014

Seven Mind Art Exhibition ဖွင့်ပွဲ


ရဲနှောင်း၊ တော်တီဆွေ၊ ကျော်ကိုကို၊ မျိုးမြင့်ထွန်း၊ မင်းသီဟမွန်၊ မြင့်စိုးဦးနဲ့ နှင်းဒါလီအောင်တို့ သူငယ်ချင်းတွေစုပြီး ပြသမယ့် Seven Mind ဆိုတဲ့ ပန်းချီပြပွဲလေးကို မေလ 7 ရက်ကနေ 11 ရက်နေ့အထိ ဗိုလ်ဆွန်ပတ်လမ်း(အပေါ်ဘလာက်)က New Idea ပန်းချီပြခန်းမှာ နံနက် 9 နာ၇ီကနေ 5 နာ၇ှိအထိ 5 ရက်ပြသမှာဖြစ်ပါတယ်။





Seven Mind Art Exhibition ဖွင့်ပွဲ မနေ့က(7-5-2014)ကစတင် ပြသစဉ် ပုံရိပ်အချို့
11-5-2014 (တနင်္ဂနွေနေ့)အထိဆက်လက်ပြသမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Ref: မြင့်စိုးဦး
Posted by: စိုင်းမောင်မောင်

ပန်းချီစကားဝိုင်း ( ၇ )

  အတူရေးကြတာ မှန်ပေမယ့် မတူတာတွေ ထွက်လာရတဲ့ အကြောင်းက အမျိုးမျိုး ရှိတာပေါ့။ ဆရာက သင်ပေးလိုက်တာတော့ တစ်မျိုးတည်းပါပဲ၊ အကြောင်းအရာကလည်း တစ်ခုတည်းပါပဲ။ ဒါပေမယ့် ခံယူမှု မတူကြဘူး၊ လိုက်နာမှု မတူကြဘူး၊ အကျင့်အကြံ မတူကြဘူး၊ အကြိုက် မတူကြဘူး၊ ခံစားမှု မတူကြဘူး၊ သုံးကြတဲ့ ပစ္စည်း (ဆေး၊စက္ကူ) မတူကြဘူး။ ဒါ့ကြောင့် ထွက်လာတဲ့ အဖြေကလဲ မတူကြဘူးပေါ့ဗျာ။ တစ်မျိုးစီပေါ့။
    "မကောင်းဘူးလား" လို့ မေးရင် "ကောင်းပါတယ်၊ တစ်မျိုးစီကောင်းတာပါ" လို့ ဖြေရမှာပါပဲ။
    "ဘယ်ဟာအကောင်းဆုံးလဲ" လို့ မေးရင် "အတူတူရေးကြသူတွေ အများဆုံးကြိုက်တဲ့ ပန်းချီကားကို အကောင်းဆုံးလို့ ပြောရင် ရမှာပါပဲ။ လူတိုင်းကြိုက်ချင်မှ ကြိုက်မှာပါ။ ပန်းချီဆရာ (၉)ယောက်အတူရေးလို့ (၆)ယောက်လောက် ကြိုက်တယ်ဆိုရင် မဆိုးဘူးပေါ့ဗျာ။ တခါတလေ ကိုယ်တိုင်မကြိုက်ပေမယ့် သူများက ကြိုက်နေတတ်တယ်။ ကိုယ်တိုင်က ကြိုက်နေပေမယ့် သူများက ကြိုက်ချင်မှ ကြိုက်မယ်။ အကြိုက်ဆိုတာ ကွဲပြားနိုင်တာပါပဲ။ ကွဲပြားခွင့်လဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ဆရာ ပြောဖူးတာလေးကို ကျွန်တော်လက်ခံတာပေါ့ဗျာ"
    "ခင်ဗျားဆရာက ဘာများ ပြောဖူးလို့လဲဗျ"
    "အော်. . . ဒီလိုပါ။ လူများလုပ်ကိုင်ဆောင်ရွက်ထားတဲ့ အနုပညာ ပစ္စည်းတစ်ခု (ပန်းချီကားပဲ ဖြစ်ဖြစ်၊ ပန်းပုရုပ်ပဲ ဖြစ်ဖြစ်) ကြည့်ပြီးရင် ကောင်းတယ်၊ မကောင်းဘူးပြောတာထက်စာရင် ကြိုက်တယ် မကြိုက်ဘူးပြောတာက ပိုသင့်တော်တယ် လို့ ပြောဖူးလို့ပါ။ ကြိုက်တယ် မကြိုက်ဘူးဖိုတာက ကိုယ်တစ်ယောက်တည်းနဲ့ ပတ်သက်နေတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ တခြားပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေရော ပါဝင်နေတတ်တယ် လို့ ပြောဖူးပါတယ်။ ဒါ့ကြောင့်လဲ ဆရာက  ပညာရပ်ပိုင်းဆိုင်ရာမှာ ဘာမှ နားမလည်တဲ့သူ တစ်ထောင် ချီးမွမ်းတာကို ကျေနပ်နေမယ့်အစား တတ်သိနားလည်သူ ပညာရှင်တစ်ဦးတစ်ယောက် အပြစ်ပြောတာကို လက်ခံနိုင်အောင် ကြိုးစားစေချင်တယ်" လို့ ပြောခဲ့ဖူးတာပေါ့။
    "ပန်းချီကားတွေကို အောက်ဒိုး (OUT DOOR) ထွက်ရေးကြတာ ဘာဖြစ်လို့လဲဗျ။ အင်ဒိုး (IN DOOR) ရေးလို့ရော မရဘူးလား။ အခုအချိန်မှာ ပန်းချီကားအောက်ဒိုး (OUT DOOR) ရေးသူရှားလာပြီ ထင်တာပဲဗျ။ ကျွန်တော်တို့ ဟံသာဝတီ သတင်းစာခေတ်က (OUT DOOR) ရေးနေသူတွေပါတဲ့ သတင်းတွေ ဖတ်ဖူးတယ်ဗျ။ အခု အဲ့လိုသတင်းမျိုး သိပ်မတွေ့ရဘူး။ ရေးရော ရေးကြသေးရဲ့လား"
    "ရေးကြပါတယ်ဗျာ။ ဒါပေမယ့် နည်းပါတယ်။ (OUT DOOR) ရေးနိုင်ဖို့က တော်တော်ကြိုးစားရတာဗျ။ ပန်းချီ၊ ပန်းပုကျောင်းတက်ပြီးမှ (OUT DOOR) ရေးရတဲ့ အရာဟာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလေလေ  ပိုပြီး ခက်ခဲနက်နဲလေလေ ဖြစ်လာတယ် ဆိုတာ သိလာရတယ်။ လိုက်လေ ဝေးလေပါပဲဗျာ"
    "ကျောင်းက အောက်ဒိုး (OUT DOOR) ရေးနည်း သင်မပေးလိုက်ဘူးလားဗျ"
    "ကျောင်းက အောက်ဒိုး(OUT DOOR) ရေးနည်း၊ အင်ဒိုး(IN DOOR) ရေးနည်း ဆိုပြီး သင်ပေးလိုက်တာ မဟုတ်ဘူးဗျ။ အခြေခံကျတဲ့ သဘောတရားတွေနဲ့ သဘာဝကို လေ့လာချဉ်းကပ်တဲ့နည်း၊ ရှာဖွေနည်းတွေကို သင်ပေးလိုက်တာဗျ။ ကျောင်းက ဆေးကျွေးတာ မဟုတ်ဘူး၊ ဆေးဖော်နည်း ပေးတာ။ ဟင်းပေးတာ မဟုတ်ဘူးဗျ၊ ဟင်းချက်နည်း ပေးတာ။ မီးခြစ်ပေးလိုက်တာ မဟုတ်ဘူး၊ မီးရအောင် လုပ်ကိုင်ဆောင်ရွက်တဲ့နည်း ပေးလိုက်တာပါ"
    (IN DOOR)အင်ဒိုးမှာ အရင်ဆုံး လေ့လာရတာက Point, Line, Shape, Form. .  ဆိုတဲ့ အစက်အပျောက်တွေ၊ မျဉ်းကြောင်းတွေ၊ ပုံသဏ္ဍာန်တွေနဲ့ ပုံသဏ္ဍာန်တွေကနေ ထုထည်ရအောင် လုပ်ကိုင်ရေးဆွဲနည်းတွေ သင်ပေးလိုက်တာ။ အဲ့ဒီလို ရေးတတ်ဖို့အတွက် Point ဆိုတဲ့ အစက်အပျောက်တွေကို ဆက်ရင် မျဉ်းကြောင်းတွေ ရတယ်။ မျဉ်းကြောင်းတွေကို ဆက်ရင် ပုံသဏ္ဍာန်တွေ ရတယ်။ ပုံသဏ္ဍာန်တွေကို ဆက်စပ်ရင် ထုထည်တွေကို ရတယ်ဆိုတဲ့ ရာထား တည်ဆောက်နည်းတွေကို အရင်သင်ရတယ်။ မျက်စိအလေ့အကျင့်၊ လက်အလေ့အကျင့်တွေရအောင် လုပ်ရတယ်။ ရပြီဆိုရင် OBJECT- ပစ္စည်းတွေကို စားပွဲပေါ်မှာတင်ပြီး ဆရာက ရေးခိုင်းတယ်။ ပုလင်း၊ အိုး၊ ယွန်းအစ်၊ ထုလုံးရှည်၊ အလုံး၊ လေးထောင့်၊ အဝိုင်း၊ ထုလုံးချွန်၊ ဆလင်ဒါ၊ ပိရမစ်ပုံ အစရှိတဲ့ အရာတွေကို ရေးရတယ်။ အဲ့ဒီပစ္စည်းတွေရဲ့ အချိုးအစား၊ နေရာယူမှုတွေကို မှန်ကန်အောင် ရေးဆွဲလေ့ကျင့်ရတယ်။ မျဉ်းကြောင်းသဘောအရ အဲ့ဒီအရာတွေ မှန်ကန်လာပြီဆိုရင်တော့ အဲ့ဒီပစ္စည်းတွေရဲ့ သဘောတွေ (အသားသဘော - TEXTURE ၊ အနုအရင့်သဘော - TONE ၊ အလေးချိန်သဘော - WEIGHT) တွေကို ခဲတံနဲ့ အရင် ရေးရတယ်ဗျ။
    အဲ့ဒါကြောင့်ထင်တယ်။ ကျွန်တော် ပန်းချီ၊ ပန်းပုကျောင်းရောက်တော့ အိုးတွေ၊ ခွက်တွေပဲ ရေးရေးနေတာ တွေ့ရတယ်။ အကြာကြီးရေးရတာလားဗျ။
    တော်တော်ကြာကြာ ရေးရတာပေါ့ဗျ။ အစပထမ ပုလင်းတစ်လုံးကို မျဉ်းကြောင်းအဖြစ် မြင်အောင်ကြည့်ရတယ်ဗျ။ မျဉ်းဖြောင့်၊ မျဉ်းကောက် ပါဝင်မှုတွေ၊ အနိမ့်အမြင့် အကျဉ်းအကျယ်တွေ မှန်ကန်အောင် လေ့လာ လေ့ကျင့်ရေးဆွဲရတယ်။ ဒါတွေ မှန်ကန်သွားပြီဆိုတော့မှ သူ့သဘော (အသားသဘော - TEXTURE ၊ အလင်းအမှောင်သဘော - LIGHT AND SHADE) တွေကို ထပ်ပြီး လေ့ကျင့်ရတယ်။ တစ်ရက်နဲ့ တစ်ရက်၊ တစ်နေ့နဲ့ တစ်နေ့ ပုလင်းတစ်လုံးကို လေ့လာရင်း လေ့လာရင်းနဲ့ မတူတာတွေကို မြင်လာရတယ်ပေါ့ဗျာ။ ဒါ့ကြောင့် ပန်းချီဆရာက " သူများမြင်တာကိုလဲ မြင်တယ်၊ သူများမမြင်တာကိုလဲ မြင်တယ် " လို့ ပြောတာပေါ့ဗျ။
    အဲ့ဒီ ပုလင်းတွေ ခွက်တွေကို ဘာဖြစ်လို့ ရေးရတာတုန်းဗျ။ တခြားဟာတွေ ရေးရင်ရော မရဘူးလား။
    ရပါတယ်ဗျာ။ အမြဲ မဖောက်မပြန်၊ မပြောင်းမလဲ တည်ရှိနေတယ့် မည်သည့် REGULAR ပစ္စည်းကိုမဆို ရေးလို့ရပါတယ်။ အဲ့ဒီ REGULAR တွေကို ရေးနိုင်ပြီဆိုရင် IRREGULAR လို့ ခေါ်တဲ့ ပစ္စည်းတွေကို ရေးဆွဲရတယ်။ လေ့ကျင့်ရတယ်။ အဲ့ဒါက STILL LIFE လို့ ခေါ်တဲ့ သက်ရှိ၊ သက်ငြိမ်ပစ္စည်းတွေကို ရေးဆွဲ လေ့ကျင့်ရတယ်။ ပန်းတွေ (ပန်းအမျိုးမျိုး)၊ သစ်သီးတွေ (အသီးအနှံမျိုးစုံ)ကို ရေးရတယ်။ ပန်းဆိုရင် မညှိုးနွမ်းခင်မှာ ရှိတဲ့ လတ်ဆတ်မှုတွေရအောင်၊ အသီးအနှံတွေဆိုရင် ပိန်ရှုံ့ခြောက်သွေ့ မသွားခင် လတ်ဆတ်မှုနဲ့အတူ ရှိနေတဲ့ အရောင်တွေကို ရအောင် လေ့လာရေးဆွဲရတယ်။ အဲ့ဒီဟာတွေရအောင် ရေးနိုင်ပြီဆိုမှ LANDSCAPE လို့ခေါ်တဲ့ မြေပြင်ရှုမျှော်ခင်းတွေကို ရေးရတာဗျ။
    ဒါဆိုရင် ရှုခင်းရေးဖို့ တော်တော်နဲ့ မလွယ်ပါလားဗျ။
    ဟုတ်တယ်။ ရှုခင်းမှာတောင် အမျိုးအစားအမျိုးမျိုး ကွဲသေးတာဗျ။
    - မြေပြင်ရှုခင်း - LANDSCAPE
    - တောင်ပေါ်ဒေသ ရှုခင်း - MOUNTAIN SCAPE
    - မြို့ပြ ရှုခင်း - TOWN SCAPE
    - ကျေးလက်ရှုခင်း - VILLAGE SCAPE
    - မြစ်ပြင် ရှုခင်း (မြစ်ဘေး၊ ချောင်းဘေး၊ မြစ်ဆိပ်၊ မြစ်ကမ်းရှုခင်း) - RIVER SCAPE
    - ပင်လယ်ပြင် ရှုခင်း - SEA SCAPE
    - သစ်တော ရှုခင်း - FOREST SCAPE အစရှိတဲ့ အရာတွေကို သိအောင်ရေးတာပေါ့။ ဒါ့ကြောင့် ပန်းချီဆရာတွေက မြို့ပြနဲ့ ဝေးတဲ့ ချင်းတောင်၊ အင်းလေး၊ ပုဂံ အစရှိတဲ့ မြန်မာနိုင်ငံ နေရာဒေသ အနှံကို OUT DOOR ထွက်ရေးကြတာပေါ့။ အဲ့ဒီလို သွားလာရေးဆွဲတော့မှ ကိုယ့်မြေ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွင်းက တိုင်းရင်းသာ လူမျိုးတွေရဲ့ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို သိမြင်ခွင့်၊ လေ့လာခွင့်ရတာတွေကို ကိုယ်တစ်ယောက်တည်း ခံစားတာ မဟုတ်ပဲ ပြည်သူတွေပါ မိမိကဲ့သို့ ခံစားလာရအောင် ပြပွဲတွေ လုပ်ပြီး ပြသကြတာပေါ့ဗျာ။
   "နေပါဦးဗျ။ အဲ့ဒီလို သွားရေးတော့ အခက်အခဲတွေ မရှိဘူးလား"
    "ရှိတာပေါ့ဗျာ။ နယ်တွေမှာဆို မျောက်ပွဲကြည့်သလို ပန်းချီဆရာကို ဝိုင်းအုံကြည့်နေကြတာ။ အထူးအဆန်းပဲပေါ့။ မမြင်ဖူး မတွေ့ဖူးတော့လဲ အထူးအဆန်းဖြစ်ကြတာပေါ့။ တချို့ဆို သူတို့ထင်သလို သူတို့မြင်သလို ပြောသွားလိုက်ကြတာ ကိုယ်ဆို ရစရာတောင် မရှိဘူး"
   "ဟုတ်လား. .  ဘာတွေပြောသွားကြလို့တုန်း"
   "မှတ်မှတ်ရရ. . . ၁၉၉၆ခုနှစ် ဇွန်လတုန်းကပေါ့ဗျာ။ တောမှာတော့ မဟုတ်ဘူး။ မြို့ပေါ်မှာပေါ့။ မန္တလေးကျုံးနဲ့ မန္တလေးတောင်ကို ကျုံးအရှေ့ဘက်ဒေါင့်ကနေ မြင်ရတဲ့ ရှုခင်းကို ကျွန်တော့်တပည့်တွေနဲ့ ရေးနေတာ။ ရေးနေတုန်း DTဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက် အနားလာရပ်တယ်။ နောက်ကလူငယ်က ဆင်းပြီး ပန်းချီရေးနေတာ လာကြည့်တယ်။ ခဏကြာတော့ ရှေ့က ဆိုင်ကယ်မောင်းတဲ့ လူငယ်က "ဟေ့ကောင်၊ သွားရအောင် လာကွာ" လို့ ခေါ်တယ်။ ကြည့်နေတဲ့လူငယ်က "နေပါဦးကွာ၊ ခဏလေးပါ။ ငါပြီးအောင်ကြည့်ချင်လို့ပါ" တဲ့။ ဒီတော့ သွားဖို့ခေါ်နေတဲ့ လူငယ်က ဆိုင်ကယ်ကို ဒေါက်မထောက်ဘဲ ရပ်ထားပြီး ဆိုင်ကယ်ပေါ်ကနေ "မင်းကလဲကွာ၊ အလုပ်မရှိတဲ့လူတွေ လုပ်နေတာကို ဘာဖြစ်လို့ ကြည့်နေမှာတုန်း" တဲ့ဗျာ။ ကဲ. . ပြီးရော။ ပန်းချီဆရာ ပန်းချီရေးတာ အလုပ်မဟုတ်ဘူးတဲ့ဗျာ။ ကျွန်တော့်ဘဝမှာ မှတ်သားမိတာလေးပါ။ စိတ်ကသိကအောင့်နိုင်တာလေးပါ။ ဒါက အနိမ့်ဆုံးတွေ့ရတဲ့ အခက်အခဲတစ်ခုပါပဲဗျာ။ ကိုယ်လိုပဲ တခြားလူတွေလဲ တွေ့ရတာပါပဲ။ ရယ်စရာ မောစရာလေးတွေပေါ့ဗျာ။ ဆရာကြီး ဦးထွန်းညွန့်နဲ့အတူ အောက်ဒိုးထွက်တုန်းက အတွေ့အကြုံကလဲ မှတ်မှတ်သားသား ရှိလိုက်တဲ့ အတွေ့အကြုံပါပဲ။

Posted by: ခင်မောင်စန်း(မန္တလေး)

ပန်းချီအနုပညာ Application Version 2.1.2 for Andriod






Version 2.1.2 မှာ ခေါင်းစဉ်တွေထပ်တိုးပေးထားပါတယ်ခင်ဗျာ။
နောက်ထပ်ထုတ်မယ့် Version Update ကျရင်တော့ English နာမည်ပြောင်းဖို့စဉ်းစားထားပါတယ်ခင်ဗျာ။

ပါဝင်တဲ့ခေါင်းစဉ်တွေကတော့

ပန်းချီ၊ ပန်းပု အနုပညာသတင်းများ
------------------------------------
သုခုမ ပန်းချီ၊ ပန်းပု အနုပညာရပ်ဝန်း
Van Gogh: The Life   
ARToART
Carlos Fuentes Diaz - The Portal of Art, Art History Universal
Mehmet Bingöl' s Art Page
Art & Painting
Kingdom of painting
Cupola Contemporary Art
Painting artist

Art Magazine
---------------
American Art Collector Magazine
Art Ltd Magazine
Art Magazine
Southwest Art Magazine


Gallery များ
-------------
Thiri Art Gallery
MIN THAR GYI Art Gallery
Suvannabhumi Art Gallery
Royal HanTha Arts Gallery
National Gallery
Pastel Painting - Mia Feigelson's FB Gallery
Saatchi Gallery
Tate Art Gallery · Museum
McKenna Gallery
Art People Gallery
Tattoo Art Gallery


Artists
-------
Kyaw Thaung
Kyeesoe Artist
WPM'48
Kyi Wynn
Min Lwin
Tun Win Aung & Wah Nu
MOE NYO
Aung Si Thu Hlaing
Mya Khet
Nay Zaw
Khaing Thazin Htet
Htoo Lwin Aye
Thoe Htein
AUNG LIN TUN

                               
Playstore Link

https://play.google.com/store/apps/details?id=com.saimgmg.visualart


Dropbox Link

https://www.dropbox.com/s/vydezcyh5adpx9e/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AE%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC.apk

အားလုံးကို ကျေးဇူးအထူးပါ။

Posted by: စိုင်းမောင်မောင်

Tuesday, May 6, 2014

ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ ပန်းချီဆရာနှင့်အမြင် (၂)




ယခင်နေ့မှအဆက်
အဲဒါကြောင့် ကလေးတွေပန်းချီရေးချင်ရင်ကနော်ဘယ်တော့မှမပတ်ပင်ဖြစ်ပါဘူး-ဘာလုပ်ချင်သလဲတတ်နှိုင်တာဖြည့်ဆည်းပေးလိုက်တယ်-ဒီအခါမှာ သူတို့ကိုဒါလုပ်-ဒါလုပ်လို့ဂိုက်လိုင်းမပေးသင့်ဘူး-:)ဂိုက်လိုင်းပေးလိုက်ရင်သူတို့အမြင် သူတို့အသိတွေဟာဂိုက်လိုင်းပေးမှုအောက်မှာပျောက်သွားတတ်ပါတယ်- အဲလိုပျောက်မသွားအောင်ကျနော်တို့ကသူတို့ကိုဂိုက်လိုင်းမပေးဘဲနဲ့-ပံ့ပိုးပေးတဲ့အနေအထားနဲ့ရေးခိုင်းလိုက်ရတယ် -နောက်ထပ်သူရေးထားတာတွေရှိပါသေးတယ်-သမီးရောက်ဖူးတဲ့နေရာကိုမှတ်မိသလောက်ရေးဆိုတော့-သမီးပြင်ဦးလွင်ရောက်ဖူးတယ်ဆိုပြီးဒီကားလေးကိုရေးပါတယ် -အဲဒါဘာလဲဆိုတော့ဒီမဲမဲတွေကငန်း ဒီအပြာကရေ-ဒါမြက်ခင်းစိမ်းစိမ်းကြီးတွေတဲ့-သူရောက်ခဲ့တဲ့နေရာမှာသူသိတာကို -သူမြင်တတ်သလိုရေးပြထာတာ -ဒါကိုကျနော်တို့ကငန်းနဲ့လဲမတူဘူး ရေနဲ့လဲမတူဘူးသွားပြောလို့မဖြစ်ပါဘူး-သူတို့အရွယ်-သူတို့အသိ-သူတို့အမြင်နဲ့သူတို့ရရှိနေတာကိုကသူတို့အတွက်အနုပညာပါဘဲ-ကလေးတယောက်ရေးတာဟာ-ကလေးတယောက်အတွေး-ကလေးတယောက်အမြင်နဲ့ တကဲ့ရှိနေတာနဲ့ကိုက်ညီချင်မှကိုက်ညီမယ်-သို့သော် မကိုက်ညီပေမဲ့လည်းကလေးတယောက်မှာလဲအနုပညာနဲ့ပတ်သက်တဲ့ခံစားမှုတခုရှိနေတယ်-သိနေတယ်ဆိုတာကိုတော့ကျနော်တို့လက္ခံရမှာပါ--
ဒါနဲ့ပတ်သက်ပြိးကမ္ဘာကျော်ပန်းချီဆရာကြီး-ပီကာဆိုကပြောထားတာရှိပါတယ်-ကျနော်အသက် ၉ နှစ်အရွယ်မှာတော့ REFEAL လောက်နီးနီးရေးတတ်နေပါပြီ-အသက် ၆၀ အရွယ်ရောက်ရင်တော့ ၉ နှစ်အရွယ်ကလေးတယောက်လိုရေးနှိုင်ဘို့အတွက်အများကြီးကျိုးစားရပါလိမ့်မယ်-ဘာဖြစ်လို့လဲဆိုတော့ -ကလေးတယောက်ရဲ့လွတ်လပ်မှု-ကလေးတယောက်ရဲ့သန့်ရှင်းမှု-ကလေးတယောက်ရဲ့စိတ်ကြည်လင်မှုမျိုးအသက်ကြီးလာတဲ့အခါမှာမရနှိုင်တော့ကလေးတယောက်လိုရေးဆွဲနှိုင်မှုမျိုးမရေးဆွဲနှိုင်တော့ပါဘူး လို့ဒီလိုပြောပါတယ်-
ပီကာဆိုကသူအောင်မြင်ကျော်ကြားလာတဲ့အခါမှာ -လူတွေကပီကာဆိုဘာတွေရေးတာလဲ -ပီကာဆိုဘာ့ကြောင့်အောင်မြင်တာလဲ-သူ့ပန်းချီကားတွေကဘာတွေလဲ-သိချင်ကြတယ်-နားလည်ချင်ကြတယ်-အဲဒီအခါမှာပီကာဆို ဘာပြန်ပြောသလဲဆိုတော့ -လူတွေကကျနော်ရေးတဲ့ပန်းချီကားတွေကိုကြနားလည်ချင်ကြတယ်--ငှက်ကလေးတွေသီချင်းဆိုတာကိုကြတော့ဘာဖြစ်လို့များနားလည်အောင်မကျိုးစားချင်ကြတာပါလဲလို့ပြောခဲ့ဘူးပါတယ်--
ကျနော်တို့တတွေကတခါတရံသာယာတဲ့အသံကိုကြားတယ်--ဒီအသံဘာ့ကြောင့်သာယာတာပါလိမ့်လို့ဘယ်နှစ်ခါများတွေးခဲ့ဘူးပါသလဲ-? အလှတရားကိုတွေ့ရှိခံစားရတဲ့အခါ ဒါလေးဟာလှလိုက်တာ-ဘာကြောင့်များလှနေတာလဲဆိုတာဘယ်နှစ်ခါများစဉ်းစားဆင်ခြင်ဖူးပါသလဲ-?
ပန်းချီဆရာဖြစ်လာပြီ-ပန်းချီကိုစိတ်ဝင်စားလာပြီ-ပန်းချီနဲ့ပတ်သက်ပြီးလုပ်ချင်ကိုင်ချင်လာပြီဆိုတဲ့အခါ-ကျနော်တို့အမြင်ကိုအလေ့အကျင့်တွေလုပပေးရပါတယ်-အမြင်အလေ့အကျင့်တွေရလာပြီဆိုတဲ့အခါမှ အလုပ် လုပ်တဲ့အခါ-အဲဒီအမြင်တွေနဲ့ပေါင်းစပ်ပြီးပန်းချီ
ကားတခုရေးဖွဲ့နှိုင်တဲ့အနေအထားတခုကိုရ
လာအောင်ကျိုးစားရပါတယ်-ဒီအခါကြမှ
ပန်းချီဆရာဟာ ကိုယ့်အမြင်ကိုယ့်အသိကိုသူများနားလည်နှိုင်အောင်ရေးဖွဲ့နှိုင်
တဲ့သူတယောက်ဖြစ်လာပါမယ်-
ဒီတော့ကျနော် နောက်ဆုံးအနေနဲ့ပြောချင်တာက -ကျနော့်မြေးရဲ့ဒီပန်းချီကား
လေးပါ-ဒါဘာကိုရေးတာလဲဆိုတော့- ဖိုးဖို
ကလဲဒါ နေ့ကိုရေးတာလေတဲ့ -သူညကိုရေးထားတာလဲရှိပါတယ်-ညကိုရေးတော့လဲဒီအရောင်ပါဘဲ-ဒါညမှမဟုတ်ဘဲ
ဆိုတော့-ဒီမှာကြယ်တွေပါတယ်လေ-ကြယ်ကညကြမှထွက်တာ အဲဒါညပေါ့လို့ပြောပါတယ်-သူဒီလိုပြောလိုက်မှ ကျနော်တို့က သူ့ခံစားမှု သူ့အတွေးကို -အော် -ဒီ
လိုပါလားလို့နားလည်ပြီးသူ့အမြင်ကိုရိုက်ခတ်ခံစားလို့ရပါတယ်--
ဒီလိုပါဘဲ-ဒီမှာရေးထားတဲ့ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေဟာ---တစုံတခုသောအတိုင်းအတာအထိ ကြည့်တဲ့မြင်တဲ့သူက---ဒီဟာကိုတော့ဒီလိုအမြင်တွေနဲ့
ဒီလိုဖန်တီးပြီး ဒီလိုရေးဆွဲရင်ရတာပါလားဆိုတဲ့ အသိမျိုး -အတွေးမျိုး-
အမြင်မျိုးရစေချင်ပါတယ်-အဲဒီလိုရစေချင်တာ ကြောင့်ဘဲ -အခုလိုဒီဆွေးနွေးပွဲလေးမှာ-ပန်းချီဆရာနဲ့အမြင်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လာရောက်တင်ပြဆွေးနွေးပေးတာဖြစ်ပါတယ်- အားလုံးကိုကျေးဇူးတင်ပါတယ် - ဒါနဲ့ပတ်သက်ပြီးသိချင်တာရှိလဲမေးလို့ရပါတယ် -ဆွေးနွေးချင်တာများရှိရင်လဲတင်ပြဆွေးနွေးလို့ရပါတယ်-ကျနော်ဖြေနှိုင်တာကိုဖြေပေးသွားပါမယ်---

Posted by: ခင်နန်းဆန် ( 6-5-2014 )

-အမေးများဖြေကြားခြင်းအားဆက်၍တင်
ပေးပါမည် • • • • • • •

ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ ပန်းချီဆရာနှင့်အမြင် (၁)


ရာပြည့်စာအုပ်တိုက်-တနင်္ဂနွေနေ့ ( 14-5-2014 )
ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင်ပန်းချီဆရာကြီး ဦးခင်မောင်စန်း၏ `ပန်းချီဆရာနှင့်အမြင် ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုတွင်တင်ပြဆွေးနွေးခဲ့သည်များထဲမှနားမထောင် လိုက်ရသော တပည့်များ၊ မိတ်ဆွေများအတွက် ခင်နန်းဆန် တွေးမှီသလောက်အား- အပိုင်း ၁ အဖြစ်တင်ပြပေးလိုက်ပါသည်။
အမြင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျနော်ပြောချင်တဲ့အတွက်သက်သက်ကူးထားတဲ့ပန်းချီကားနှစ်ကားပါ ( ရှေ့ပိုင်းတွင်အလားတူကျုံးပုံကိုရေးဆွဲထားသော
၁-R-Talbot Keiiy ၂-ဦးဘသက် ၃-ဆရာဆောင် ၄-ဦးကျော်လေး ၅-ဦးတင်အေး ၆-ဦးအောင်ခင် ၇-ဦးကံညွန့် ၈-ဦးခင်မောင်သန်း ၉-ဦးဇော်ဝင်း ၁၀-ဦးဝင်းဖေ ၁၁-ဦးမာလာ ၁၂-ဦးတင်ဌေးအောင် ၁၃-ဦးခင်မောင်စန်း တို့၏ကျုံးကိုအမြင်မတူစွာရေးဆွဲထားသောပန်းချီကားဓာတ်ပုံများကိုလဲချိတ်ဆွဲရှင်းပြခဲ့ပါသည်။)




ဒီနေရာကိုဘဲကျနော်ကရေးထားတယ် -ဒီနေရာကိုဘဲဆရာကြီးဦးဝင်းဖေကရေးထားပါတယ်-
ဒီနေရာမှာအမြင်မတူရုံတင်မကဘဲအသိပါပြောင်းလဲသွားတဲ့သဘော-ဒီအထဲမှာအတွေးပါပြောင်းလဲသွားတဲ့သဘောတွေပါ ပါတယ် -နောက်ပြီးအမြင်အတွေးတင်မကဘဲဖန်တီးမှုပါ ပါဝင်တယ်-သဘောတရားတွေပါဝင်တယ်-ဒီလိုယှဉ်ကြည့်လိုက်ရင်ပိုပြီးသိသာပါတယ်-ကျနော်ရေးထားခြင်းသည် Natureမှာရှိတဲ့-သဘာဝတရားမှာရှိတဲ့အနေအထားအတိုင်း-သဘာဝတရားမှာရှိတဲ့အနေအထားအတိုင်း-သဘာဝနဲ့နနီးစပ်ဆုံးရအောင်ရေးခဲ့ပါတယ်-ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့တွေကျောင်းမှာစပြီးပန်းချီပညာကိုသင်လာခဖဲ့တာက Academic way နည်းပညာနဲ့ပန်းချီကိုသင်ကြားရတာဖြစ်တဲ့အတွက်ကျနော်တို့natureမှာသွားပြီးကြည့်တဲ့အခါမှာacademic way မျက်လုံးတွေနဲ့ကြည့်တတ်ပါတယ်-အဲဒီလိုကြည့်တတ်ပြီး အဲဒီမျက်လုံးတွေနဲ့ဘဲRepresentation ပြန်လုပ်တဲ့အခါမှာ ကျနော်တို့ပုံတွေဟာရိုးရိုးကြီးဖြစ်နေတတ်တာပါဘဲ--
ဒီနေရာမှာတော့ဆရာကြီးဦးဝင်းဖေကဒီကျုံးကိုဒီနေရာကိုဘဲသူရေးတယ်-ကျနော်နဲ့သူရေးတဲ့နေရာချင်းတူတယ်-သို့သော်အမြင်မတူပါဘူး-ကျနော်ဒီနေရာကိုရေးတာကအဲဒီနေရာမှာသွားရေးတယ်-ဆရာကအဲဒီနေရာမှာသွားထိုင်ရေးတာမဟုတ်ဘဲ indoor မှာcreationလုပ်ပြီးရေးထားတာဖြစ်တယ်-indoorမှာ creat လုပ်ပြီးရေးတာဖြစ်တဲ့အတွက်ဆရာဦးဝင်းဖေ ကျုံးကိုရေးတယ်ကျုံးမှာရှိနေတဲ့သူရဲခိုတွေထဲ့ပြီးရေးမထားဘူး-ဒါပေမဲ့ကျုံးရဲ့image တွေကိုတော့ရေးပါတယ် -သရဲခိုတွေထည့်မထားတာအပြင်ဆရာကြီးကဖြိုဖျက်ပြီးတော့တောင်ရေးထာပါသေးတယ်-ပဲ့နေတဲ့ကျုံးကိုရေးထားတယ်-ဒါဘာဖြစ်လို့ကျုံးအပဲ့ကိုရေးတာလဲ-ကျနော်တို့ကကျုံးကိုမျက်စေ့နဲ့ကြည့်တဲ့အခါမှာပန်းချီဆွဲတဲ့လူကသူကိုယ်တိုင်ပန်ူချီဆရာဖြစ်တဲ့အတွက်မျဉ်းလဲတွေနဲ့ချည်းရေးထားရတာငြီးငွေ့ပြီးအီမသွားအောင်အခုလိုဖြိုလဲပစ်လိုက်ခြင်းဖြစ်တယ်လို့ကျနော်တော့ဒီလိုဘဲခံစားရပါတယ်-အဲဒီတော့ဒီလိုမျိုးချိုးလိုက်ခြင်းအားဖြင့်ဘာအပြစ်ရှိသွားလဲ-? nature နဲ့တော့မတူတော့ဘူး-တကယ်တော့ nature မှာကအဲဒီကျုံးကြီးပဲ့နေတာမှမဟုတ်ဘဲ-ကျုံးပဲ့နေတာကိုရေးထားလို့ရှေးဟောင်းသုတေသနဌာနကလာပြီးပြောချင်ပြောမယ်ပေါ့-သူတို့ကျုံးကြီးပဲ့မနေပါဘူးလို့-တကယ်တန်း တခါတလေကျနော်တို့ရေးထားတာတွေလဲကျုံးကြီးကလှပနေတာဘဲ သပ်ရပ်နေတာဘဲ သန့ရှင်းနေတာဘဲ-အမှန်ဆိုရင်စည်ပင်သာယာက အဲလောက်သန့်ရှင်းသပ်ရပ်နေအောင်လုပ်နှိုင်တာမှမဟုတ်ဘဲ ကျုံထဲမှာအမှိုက်သရိုက်တွေနဲ့ညစ်ပတ်ချင်လဲညစ်ပတ်နေမှာဘဲ-ကျုံးဘေးမှာသစ်ရွက်ကြွေတွေပုံချင်လဲပုံနေမှာဘဲ-ကျနော်တို့ကရေးတဲ့အခါမှာမလိုအပ်တာတွေ ပန်းချီဆရာကအမြင်ထဲကနေပြီးတော့ဖယ်ထုတ်-လိုအပ်တဲ့ဟာတွေကိုထပ်ဖြေ့ရေး -အဲလိုထပ်ဖြည့်တယ် -ဖြုတ်ရေးတယ်ဆိုတဲ့အခါ ရေးသူပန်းချီဆရာ ရဲ့သူ့အမြင်သူ့အတွေး သူ့အသိ သူ့ပညာတွေကိုထဲ့သုံးရပါတယ်-စောစောတုံးကပြောခဲ့သလိုဘဲသူလေ့လာခဲ့တဲ့သူ့ရဲ့ Knowledge-သူရဲ့ပညာ education-သူ့ရဲ့ပတ်ဝန်းကျင် surrounding-သူ့ရဲ့genes and generation မျိုးရိုးဗီဇ ဒါတွေပါ ပါတယ်-
ပန်းချီဆရာကသူ့ပြောင်းလဲချင်တာကိုပြောင်းလဲချင်တဲ့စိတ် ပြောင်းလဲရဲတဲ့သတ္တိရှိဘို့လိုအပ်ပါတယ်-အဲဒီတော့ကျနော်ပြောချင်တဲ့အမြင်ဆိုတဲ့ကိစ္စမှာအသက်ကြီးတာတို့အသက်ငယ်တာတို့အတတ်ပညာတို့နဲ့ဘာမှမဆိုင်ပါဘူး -ဘာလိုလဲဆိုတော့အမြင်ဟာလူတိုင်းမှာရှိတယ်-
ကိုယ်ရှိတဲ့အမြင်ကိုကိုယ်တင်ပြတဲ့အခါမှာကိုယ်ဟာအတတ်ပညာအရနုံနဲ့ကောင်းနုံနဲ့ပါလိမ့်မယ်-အမြင်အရရှိတယ်-ဒါကို ဥပမာပြချင်တာကြောင့်ကျနော်ဒီကားလေးတွေယူလာခဲ့တာပါ-ဒါကျနော့်မြေးရေးထားတာတွေပါ-သူကခြောက်နှစ်ဘဲရှိပါသေးတယ်-ကျနော်ပန်းချီရေးတဲ့အခါအမြဲတန်းအနားမှာလာနေတတ်ပါတယ်-ကျနော်ပန်းချီရေးတာကိုမရှုပ်အောင်သူ့ကိုကျနော်က စာရွက် စုတ်တံ ဆေးချပေးထားလိုက်တယ်-ကဲ ရော့ မီးမီးဖွေးဖွေးပန်းချီရေးဆိုတော့ သူက သမီးဘာရေးရမှာလဲ ဒီမှာဖိုးဖိုးဘာရေးနေတာလဲကြည့် ဖိုးဖိုးကျုံးရေးနေလား သမီးကျုံးကိုရောက်ဖူးလား သိလားမေးတော့ သမီးသိတယ်သမီးရောက်ဖူးတယ်-အေး ဒါဆိုသမီးလဲကျုံးရေးပေါ့ ဆိုတော့သူကျုံးကိုရေးပါတယ်-
သူရဲခိုတွေရော ပြဿဒ်တွေရောသူရေးတယ်-ဖြောင့်ခြင်း မဖြောင့်ခြင်း မသိဘူး ဖြောင့်အောင်လဲသူမကြိုးစားဘူး-သူရေးခြင်သလိုရေးတဲ့အခါမှာကျုံးရဲ့အာရုံအရကျုံးဘေးမှာသူမြင်သမျှသစ်ပင်တွေလဲပါတယ် -သူမြင်သလိုသူရေးတာ -ကျနော်ပြောချင်တာက ဒီအမြင်အ ရအတတ်ပညာကိုသင်ပေးလိုက်ရင်သူတို့မှာဒီဟာနဲ့ပတ်သက်ပြီးတော့ပွင့်လင်းလာမဲ့အနုပညာပိုးတွေရှိလာပါလိမ့်မယ်-အဲဒါကြောင့် ကလေတွေပန်းချီရေးချင်ရင်ကျနော်ဘယ်တော့မှမပိတ်ပင်ဖြစ်ပါဘူး-ဘာလုပ်ချင်သလဲတတ်နှုင်တာဖြည့်ဆည်းပေးလိုက်တယ်-ဒီအခါမှာ--

-ဆက်လက်တင်ပါဦးမည်--
 
Posted by: ခင်နန်းဆန်

Monday, May 5, 2014

ရာပြည့်စာအုပ်တိုက် တနင်္ဂနွေနေ့ ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲ



4.5.2014 ရက်နေ့ (တနင်္ဂနွေနေ့) 
ရာပြည့်စာအုပ်တိုက် မှာ ပြုလုပ်ကျင်းပတဲ့ တနင်္ဂနွေနေ့ ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင်
ပန်းချီဆရာများ၊ စာနယ်ဇင်းများ စုံလင်စွာတက်ရောက်ကြပါတယ်။
ပန်းချီပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင် 

ပန်းချီဆရာကြီး ဦခင်မောင်စန်း ၏ 
ပန်းချီဆရာနှင့်သူ့အမြင် ခေါင်းစဉ်ဖြင့်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

Posted by: စိုင်းမောင်မောင်
Photo: ခင်နန်းဆန်

Sunday, May 4, 2014

ပန်းချီအနုပညာVersion 2.0 for Andriod






ပန်းချီအနုပညာ Application ကို Version 2.0 ထပ်ထုတ်လိုက်ပါပြီ။
ပါဝင်တဲ့အအကြောင်းအရာတွေကတော့

    ပန်းချီ၊ ပန်းပု အနုပညာသတင်းများ
             - သုခုမ ပန်းချီ၊ ပန်းပု အနုပညာရပ်ဝန်း
             - Van Gogh: The Life
             - ARToART
             - Art & Painting
             - Kingdom of painting
             - Painting artist

    Art Magazine    
             - American Art Collector Magazine
             - Art Magazine
             - Art Ltd Magazine
             - Southwest Art Magazine

    Gallery များ
             -  National Gallery
             -  Tate Art Gallery · Museum
             -  Art People Gallery
             -  Tattoo Art Gallery
             -  Nay Zaw Art Gallery
             -  Khaing Thazin Htet's art gallery

 Download Link 1

https://play.google.com/store/apps/details?id=com.saimgmg.visualart

Download Link 2
http://www.mediafire.com/download/m767b6ribarhddb/ပန်းချီအနုပညာ.apk

Download Link 3
https://www.dropbox.com/s/vydezcyh5adpx9e/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AE%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC.apk






Saturday, May 3, 2014

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၃)

ကျွန်တော့အတွက်တော့ ပန်းချီညကျောင်းက အမှတ်ရစရာတွေများလှပါတယ်....။
ဆရာကန်တော့ပွဲမှာ ပန်းချီကားမဲပေါက်ဘူးတယ်.... အဲ့ဒီပန်းချီကားကိုကူးရေးချင်လို့ ခဏဌားပါဆိုပြီး...
အခုထိပြန်မတွေ့တော့ မပေးတော့တဲ့သူနဲ့လည်း ကြုံခဲ့ဖူးတယ်....။

ညကျောင်းပထမနှစ်ပြီးလို့ ဒုတိယနှစ်မတက်ခင် နွေရာသီမှာ အဖေက သူ့သူငယ်ချင်းဖြစ်တဲ့
ပန်းချီဦးကျော်သောင်းထံအပ်ပေးပါတယ်.....။ ဦးကျော်သောင်းဟာလည်း ကျွန်တော့်အတွက် အရေးကြီးလှတဲ့
ကျေးဇူးရှင်တစ်ဦးပါပဲ....။ အနုပညာအကြောင်းတစ်လုံးတစ်ပါဒမျှမသိတဲ့ကျွန်တော့်အတွက်
အမြင်အကြားများစေခဲ့ပါတယ်.....။ နောက်ပိုင်း ဦးကျော်သောင်းလမ်းညွှန်မှုနဲ့
ယဉ်ကျေးမှုတက္ကသိုလ်ကိုတက်ဖြစ်ခဲ့တာကလည်း..... ဘ၀ရဲ့ ကြီးမားတဲ့ နောက်ထပ်အချိုးအကွေ့တစ်ခုပါပဲ.....။

ပန်းချီညကျောင်း ကျောင်းသားဘ၀ပြန်စရရင်.... ဒုတိယနှစ်မှာ ဆရာဦးဝင်းတင့်အတန်းတက်ရတယ်...။
မြန်မာရိုးရာကိုတော့ ဆရာကျော်ကပဲ ဆက်သင်ပေးတယ်......။ နေ့ကျောင်းသားတွေရဲ့ လေ့ကျင့်လက်ရာတွေကြည့်ရတာ....
တကယ်ကို အားကျစရာကောင်းပါတယ်..... ဒုတိယနှစ်ကျောင်းသားတွေက အပြင်အလုပ်တွေလက်ခံလုပ်နေကြပြီ....။
အထူးသဖြင့်တော့ ရုပ်ပြရေးတာပါ...။ သွက်သွက်လက်လက်နဲ့ အောက်လိုင်းတွေရေး.... ဘက်တွေဖြည့်နဲ့
အတော်တော့ ကြည့်လို့ကောင်းပါတယ်.....။ အဲ့ဒီအချိန်တုန်းက ကျောင်းက အပြင်အလုပ်တွေ အတော်ရပုံရတယ်...
ဆရာဝင်းရဲ့ညကျောင်းအချိန်က သိပ်မကြာခင်မှာဘဲ ဆရာတွေ နယ်သွားပြီးအလုပ်လုပ်ဖို့ပေါ်လာတာနဲ့ .......
ဒုတိယနှစ်ကျောင်းသားဘ၀ကိုလည်း ဆရာကျော်နဲ့ဘဲ ထပ်ဆက်ရပြန်ပါတယ်......။

မှတ်မှတ်ရရ...မာရီရေဆေးတစ်ဘူး... ၂၅၀ကျပ်ပေးရပါတယ်.... ဆေးစပ်ခွက်ကလည်း ၂၅၀ပါပဲ....
ဖြစ်ချင်တော့ ဒုတိယနှစ်မှာ ညကျောင်းလခ ၅၀ကနေ...၃၀၀ကျပ်တိုးကောက်ပါတယ်.....
အတော်ကိုများတယ်လို့ဆိုနိုင်ပါတယ်......ညကျောင်းသားတွေ အခက်အခဲဖြစ်တော့....
ဆရာတွေတိုင်ပင်ပြီး.... ပိုက်ဆံမရလည်းနေ အလကားသင်ပေးမယ်တို့.......
ဒါမှမဟုတ်.... ၅၀ကျပ်ပဲပြန်ပြောင်းဖို့စာတင်မယ်တို့.... ဖြစ်ခဲ့ပါတယ်......
ဒါပေမယ့်.... ကျောင်းအုပ်ကြီးကဆရာတွေကော.. ညကျောင်းသားအားလုံးကို ရုံးခန်းခေါ်တွေ့ပြီး....
သက်မှတ်ပြီးသားဖြစ်လို့ပြောင်းလဲလို့မရကြောင်း...
အစရှိသည်ဖြင့်ပြောခဲ့တဲ့အတွက်... ဘာမှမတတ်နိုင်ပဲ... ဆက်တက်ချင်ရင်
တစ်လ ၃၀၀ကျပ်သွင်းဖို့ဖြစ်လာခဲ့ပါတယ်....။
များတယ်လို့ဆိုနိုင်ပါတယ်..၀န်ထမ်းလခက ၁၀၀၀တောင်မရှိသေးတဲ့ ၁၉၉၆ခုနှစ်က ဆိုတော့လေ.....။။

ဒါနဲ့ပဲ... ရေတွေမျှောလိုက်....မရလိုက်နဲ့... ဒုတိယနှစ်ညကျောင်းသားဘ၀ဖြတ်ကျော်ဖြစ်ပါတယ်....။
မှတ်မှတ်ရရ... ကျွန်တော်ရေးတဲ့ အရောင်တွေကိုကြည့်ပြီး ဆရာကျော်က အဲ့ဒီအတိုင်းတွေ့လို့
ရေးတာလားမေးပါတယ်..... အရောင်မကိုင်ဘူးတဲ့ကျွန်တော်.... ကာလာဘလိုင်းဖြစ်တယ်လို့ထင်ရအောင်
မြင်တာတခြား.. ရေးတာတခြားဖြစ်နေလို့ပါ......။

ညကျောင်းဒုတိယနှစ်ဝက်မှာ ကျွန်တော်ယဉ်ကျေးမှုတက္ကသိုလ်စတက်နေပါပြီ....။
ဒါပေမယ့်.... ညကျောင်းကတော့ ရောက်အောင်သွားတက်ဖြစ်ပါတယ်..။
ဒဂုံတောင်က ပြန်ရတော့ ကျောင်းတက်မမှန်တာ့ပါဘူး....။
တစ်ချိန်တည်းမှာပဲ... ဦးကျော်သောင်းအိမ်မှာ ပန်းချီနဲ့ပတ်သက်တာတွေ ၀ိုင်းလုပ်ပေးရတယ်...။
ကိုသန်းဦး(သူ့သူငယ်ချင်းတွေက ကျီးကန်းလို့ခေါ်တယ်နဲ့တူတယ်)က ဘောင်သွင်းတာတွေ...
လုပ်တော့ သူ့ကိုကူညီပေးခဲ့ရတယ်....။ ပိတ်ညှပ် ပိတ်ကပ် ကော်ပတ်စား ဆေးသုတ်အလုပ်တွေနဲ့
ပန်းချီဆရာဖြစ်ဖို့ ဘ၀စခဲ့ရတာ လွမ်းစရာပါပဲ....။

ညကျောင်းသာဘ၀ကို အချုပ်အားဖြင့်ဆိုရရင်... ကျွန်တော်ပန်းချီဆရာဖြစ်ဖို့....
ဖန်တီးခဲ့တဲ့အဓိကအရာလို့ဆိုနိုင်ပါတယ်...။
ပန်းချီကို ညကျောင်းမှာမသင်ဖြစ်ခဲ့ရင်.. အခုကျွန်တော်ကလည်း... ဒီနေရာမှာရှိနေမှာမဟုတ်ပါဘူး..။
ပညာသင်ပေးခဲ့တဲ့ ဆရာတွေ..အပါအ၀င် မြင်ကြားခဲ့ရတဲ့ ဆရာအသီးသီးရဲ့ကျေးဇူးက တကယ်ကို....
ကြီးမားလှပါတယ်..... ။

(ပန်းချီအလုပ်သင်ဘ၀ကို ဆက်ရေးပါမည်..။)

Posted by: အောင်စည်သူလှိုင်