ပန်းချီအနုပညာအကြောင်း ဆွေးနွေးကြည့်ခြင်း......
မြို့ပြလူမှုနဲ့ ခေတ်ပြိုင်အနုပညာရဲ့`နေရာ´...ဆိုတဲ့ခေါင်းစဉ်နဲ့ လှိုင်းသစ်(စာပေအနုပညာ)မဂ္ဂဇင်း သြဂုတ်လမှာ ရေးသားခဲ့တဲ့ ဆောင်းပါးပါ။ အနုပညာဝေဖန်ရေးဆိုတဲ့အခန်းမှာထည့်ထားပေမယ့်...ကျွန်တော်ရည်ရွယ်တာကတော့ အနုပညာရေးရာဆွေးနွေးချက်(သို့) ကြေညာစာတမ်းတစ်ခုပါ...ဝေဖန်ဖို့တော့မဟုတ်ပါ။... ငါသိထားတာတွေနဲ့ မကိုက်ညီရင် ငါ့ဝေဖန်တာပဲလို့အထင်ရှိသူတွေကိုတော့ ဘာမှမတတ်နိုင်.....။ တကယ်တော့.....ပန်းချီရေးတာကိုဝေဖန်တာမဟုတ်၊
ပန်းချီအရောင်းဝယ်ကိုလည်းဝေဖန်တာမဟုတ်၊ ကြိုက်လို့သိမ်းထားချင်သူတွေကိုလည်း ဘာမှမပြောလို.....။ အနုပညာဖန်တီးနေသူတွေအားလုံးမှာ တူညီတဲ့ ဘုံအာသီသရှိပါတယ်.... ကျွန်တော်ဆိုလိုတဲ့ တကယ့်ဆိုလိုချက်ကို ရနိုင်ကြပါစေခင်ဗျား.....။
(၁)
အနုပညာဟာ တန်ဖိုးအဆင့်အတန်း သတ်သတ်မှတ်မှတ်ရှိတဲ့အရာတစ်ခုပါ..အဲဒီလိုပဲ ပန်းချီဆိုတာကိုလည်း ရှေးကထဲက အဆင့်တန်းတန်ဖိုးတစ်ခု အသိမှတ်ပြုလက်ခံခဲ့ကြပီးသားပါ..သမိုင်းအဆက်ဆက်မှာ ခေတ်ကာလအခြေအနေအလိုက် ဘာသာရေးဖော်ကျုးမှု၊ လက်မှုပညာရပ်တစ်ခုအဖြစ်သော်လည်းကောင်း၊ စိတ်ခံစားမှုဖေါ်ထုတ်ခြင်းသော်လည်းကောင်း၊ ၀ါဒဖြန့်ကြော်ငြာထိုးခြင်းဆန်ဆန်သော်လည်းကောင်း၊
မိမိတို့ရေမြေနှင့်ဟန်ပန်အမူယာလူနေမှုတွေကို ဖော်ကျူးရေးခြယ်ခြင်းသော်လည်းကောင်း၊ ၊ တန်းဖိုးထားလက်ခံကြသော မြတ်နိုးသူအချိုတို့စုစောင်းစရာ၊ ခံစားစရာသမိုင်းမှတ်တမ်းများအဖြစ်သော်လည်းကောင်း၊ဥာဏ်ပညာ အတွေးခေါ်ကွန့်မြူးရာအဖြစ်သော်လည်းကောင်း၊ အမျိုးမျိုးဖြတ်သန်းပေါ်ပေါက်ယင်း နေရာများ တန်းဖိုးများ ကွဲပြားများပြားခဲ့ကြပြီးဖြစ်ပါတယ်။ ဒီလိုပဲ တနေရာတစ်ဆင့်ဆင့်မှာ ပျော်မွေ့ရှင်သန်ယင်း၊
ပရိုဖက်ရှင်နယ် (ကျွမ်းကျင်သူအတတ်ပညာရှင်)အဖြစ်ရပ်တည်နေနိုင်သူတွေလည်း သူတို့ဘ၀သူတို့ရွေးချယ်ကြတဲ့ အနုပညာရှင်တွေလို့ပဲဆိုရမှာပါပဲ။.... သို့ပေမယ့်...
ဒီကနေ့ ပန်းချီပညာကို ယခင်အဆက်ဆက် လက်ခံစွဲမြဲသိရှိနားလည်ခဲ့ကြတဲ့ သတ်မှတ်နေရာ၊ အဆင့်တန်းတစ်ခုခုကို (အမျိုးမျိုးသော အကြောင်းတွေကြောင့်)ပြောင်းလဲပစ်ဖို့၊ ချဲ့ထွင်နိုင်ဖို့သို့မဟုတ် ယဉ်ကျေးမှု စံနှုန်းအသစ်များ ထွန်းကားဖို့ ခေတ်အခြေနေအရ ဖြစ်လာပါပြီ၊ လိုလဲလိုအပ်လာပြီထင်ပါတယ်....ဒီလိုကြံဆောင်ကြရာမှာ.. ယခင်ရှိပြီးစံနှုန်းများ သတ်မှတ်ချက်များကို သွေဖီကြရတာတွေရှိ
သလို အခြေခံ တူညီနေတာတွေကိုလက်ခံရတာတွေရှိပါတယ်။... ဒီနေရာမှာ (ပန်းချီရေးခြင်းအပါအ၀င်) အနုပညာဖန်တီးမှု ဆိုတဲ့ အသုံးနှုန်းဟာ အတော်ကို ယေဘူယျဆန်ပါလာတယ်... ဘယ်လောက်ဆန်လဲဆိုရင် ဘုရားပွဲမှာ မျောက်လွှဲကျော် အနုပညာပဒေသာကပွဲ ဆိုပြီးတောင် အနုပညာ ဆိုတာလေးပါမှ လူတွေနှစ်ခြိုက်ကြပုံပါပဲ။ နောက်ပီး အနုပညာကို ခေတ်အခြေနေလိုအပ်ချက်အရ ပေါ်ပင်နိုင်ငံရေး လူမှုရေး စသည်တွေမှာ တံဆိပ်အခွဲများတပ်ပြီးလည်းလုပ်လာကြပါတယ်။ ဒီအထဲ (အနုပညာဆိုတာ
အနာပြင်ညုပေါ့ဗျာဆိုပီး နောက်ပြောင်နေဆဲလူတွေလဲ ရှိနေသေး) ဒီတော့ အများလိုဒီစကားလုံးကိုပဲ သုံးရမယ်ဆိုရင်တော့ ကွဲကွဲပြားပြားဖြစ်ဖို့တိတိကျကျ ဆိုလိုချက်လိုလာပါလိမ့်မယ်...။
ဒီနေရာမှာ တစ်ချို့ ပန်းချီဆရာတွေပန်းချီကို လုံးလုံးကျောခိုင်းတယ်လို့ဆိုတာမျိုးဥပမာပေးရရင်... သူတို့ဟာ စကားလုံးပိမှာစိုးတာပါပဲ...ပန်းချီလို့ဆိုတာနဲ့ပုံဆွဲပညာ၊ အဆင်အပြင်၊ အလှအပ၊ ..လို့စသည်..အရင်လက်ခံကြပီးသားရှေးရိုးစည်းမျဉ်းအခြေခံစံနှုန်းတွေနောက်
လိုက်ရတော့မှာပဲ ဆိုတာဖန်တီးသူရော ကြည့်သူပါ နားလည်နေကြတယ်... ဒါကြောင့် စကားလုံးရော အခြေခံလိုအပ်ချက်တွေပါ ပယ်လိုက်ကြပုံပါပဲ.. (မုန်းလို့...မချစ်လို့ မဟုတ်ရပါဘူး...)သံသောဇဉ်အမျှင်ကိုဖြတ်လိုက်တာမျိုးပဲဆိုရမလား...ဘုရင့်နောင် ဖေါင်ဖျက်တယ်လို့ပဲ
ဆိုရမလား ပါပဲ....။ (ညှိနေတဲ့ သံယောဇဉ်ကိုမဖြတ်ပဲ နောက်ထပ်ခရီးလမ်း ဆက်လို့ရနိုင်မှာမဟုတ်လို့လို့ ထင်ပါတယ်)ဒီတော့ ပယ်မဲ့ပယ် အားလုံးပယ်လိုက်ကြပုံပါပဲ.. ဒါမှန်တယ်လို့တစ်ဖက်သတ်မပြောလိုပါဘူး..သူဟာသူကိုယ်ပိုင်ရွေးချယ်တဲ့နည်းတစ်ခုပေါ့...
ဘာလို့လဲဆိုတော့ ဥပမာကောင်းတွေများစွာရှိလို့ပါပဲ...ဆက်ပီးပြောပြပါမယ်။ ဒီတော့ကာ... အနုပညာတစ်ခုခုဖန်တီးသူဟာ အနှောင်ဖွဲ့တွေ စည်းမျဉ်းတွေ ၀ါဒတွေကိုမုန်းပါတယ်....ဒါအားလုံးတူတဲ့ အချက်တစ်ခုပါပဲ.. မတူတာက ရည်ရွယ်ချက်ပါ။
နောက်ပီး ခေါင်းစဉ်တစ်ခုခုအောက်၊ စေခိုင်းချက်တစ်ခုခုအောက်၊ သူများနောက်မီးဆွဲလိုမျိုး နာမည်ကြီးသူနောက်၊ မျက်နှာကြီးသူနောက် အများအထင်ကြီးစေတဲ့ ဘယ်လိုအောက်တွေမှာမှမနေချင်သူတွေပါ.....(ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ချွင်းချက်ပေါ့လေ တာဝန်ဆိုတော့) ဒီတော့.. အရင်ဘယ်သူရေးသွားတဲ့ဟန်... အရင်ဘယ်နိုင်ငံရဲ့ ပန်းချီဟန်လိုမျိုး၊ စသဖြင့်လည်း မတူချင်သူတွေပါ။ (တူချင်သူတွေကတော့...ချွင်းချက်ဟုမှတ်ပါလေ)
... ဒီတော့ မေးခွန်းများစွာဖြစ်လာပါတယ်...ဘယ်လိုမတူတာမျိုးလဲ...။
ဒီလောက်ထိ ဖတ်ပီးရင် ကျနော့်ဆိုလိုချက်နဲ့ ရည်ညွှန်းချက်ကို သိလောက်ပီထင်ပါတယ်.... ဒါဆိုဆက်ပြောကြရအောင်ပါ.....
(၂)ခေါင်းမာကြသူများ..။
တစ်ချို့တွေက လျှာပေါ်မြက်ပေါက် တို့မကြောက်ဆိုပီး...အနုပညာကိုမြတ်နိုးလိုက်ကြပုံကို ပိုပိုကဲကဲပြောကြဖူးတယ်...ခေတ်ပြိုင်အနုပညာတွေကို လုပ်ဖို့ တစ်ချို့ခေါင်းမာနိုင်ကြပါတယ်..ဘယ်လိုများမာသလဲဆိုရင် ဥပမာ..စုတ်တံနဲ့ ဆေးတွေကျောခိုင်းလိုက်ပီဆိုတဲ့နောက်..ကိုယ်တိုင်ဆောက်ထားတဲ့ တိုက်အိမ်လေးကိုတောင် ဆေးမသုတ်ပဲ အင်္ဂတေပြောင် အတိုင်းနေသလိုပေါ့ဗျာ...။ ဒီထက်မာသူတွေလဲရှိသေးတယ်ဗျို..။ လူတကိုယ် စိတ်တစ်မျိုပေကိုး။ တစ်ချို့ခေါင်းမာကြပုံတွေများ
တော့ လှေနံဒါးထစ်သလိုပဲ.. ပန်ချီဆိုတဲ့အနုပညာ တွေက စိတ်ကိုနူးညံ့ကြည်နူးမှုပေးဖို့ သန်တရသပေးဖို့တဲ့ ကြမ်းတမ်းတာတွေ...အော်ဟစ် ရုံ့ရင်းတဲ့ ထိတ်လန့်စရာတွေက အနုပညာမဟုတ်ဖူး ဆိုပဲ..တစ်သတ်မှတ်တာ...ဒါမှဒါဗျ...။ မှန်ပါတယ် ကိုယ်ယူချင်သလိုယူဆပေါ့လေ...။ အပြစ်ရယ်ဆိုဖို့မရှိပေါင်.။ ဒါပေမဲ့ အဲဒီလိုလူတွေခြေချင်းလိမ်ကြတဲ့ပြပွဲပြိုင်ပွဲတွေဆို ခေတ်ပြီုင်ဆိုတာ လှိုင်နေအောင်ကြားရပါတယ်...။ ဒီတော့ မိုးကျရွှေကိုယ် ဝေဖန်ရေးဆရာဆန်ဆန်တွေ၊ စိတ်အား
သန်သူပရိသတ်တွေကလည်း လိုက်ပီး ပြိုင်ကြရတာပေါ့....။ အမှန်တော့ အနုပညာဆိုတာမျိုးက ဘယ်လိုဟာဖြစ်ဖြစ် ကြားကဖြတ်တက်လို့မှ မရတာ..။ မဟုတ်ဘူးလို့ငြင်းချင်သူရှိရင်ပြောပါဗျာ..။ ဒါပေမယ့် ဖြတ်တက်လာတာမျိုး ကြားဖြတ်ဝင်ရောက်လာတာမျိုးတွေကလည်း ထုံးစံပါ....ဒါသဘာဝပဲ..ကျနော်ဆိုလိုတာက ခေတ်နဲ့သမိုင်းကိုပြောတာပါ....။ ဘယ်လိုလဲဆိုတော့...သူများတကာ ခေတ်ပြိုင်ဆိုပီးလုပ်ကြသူတွေ ဖြတ်သန်းလာတဲ့ဘ၀အဆက်ဆက်ရှိပါတယ်..။ ကိုယ်စီးတဲ့မြင်း
ကိုတော့ ဘယ်လိုအကောင်ဆိုတာသိသင့်ပါတယ်..သူများပါးစပ်ဖျားမှာ လမ်းဆုံးရတာမျိုးလဲဖြစ်သင့်တာမဟုတ်၊ အနုပညာရှင်က ကိုယ်အလုပ်ကိုယ်လုပ်ကြတာပါ၊ ဘယ်သူ့ကိုမှမှီခို နေချင်သူတွေလဲမဟုတ်ပါ...။ ကိုယ်ဘ၀ကိုတော့ကိုယ် ရွေးချယ်ကြပေမယ့်...ဘယ်သူမှ ကိုယ့်လက်ရာကို ကိုယ်မတည်းဖြတ်ဖူး အမှတ်ပေးကြတာမဟုတ်ဘူးရယ်...ဒါပေမယ့် ခေတ်ကသူ့အလိုတိုင်းတောင်းဆိုတာပါ...ကျနော်ပြောချင်တာတွေ ရှုပ်ကုန်ပီထင်ပါတယ်...ဒီလိုပါ..။
(၃)အနုပညာဟာ ပထမနေရာ။
အမှန်တိုင်းပြောရရင် ကျနော်တို့က အနုပညာဆိုတာ ဘ၀က မလှပေမယ့် သူ့အနုပညာကလှတယ်ဆိုပီးရှေးရိုးစွဲလာကြတာ...ဒါကြောင့် ရုပ်ရှင်ထဲ ပန်းချီဆရာဆို အရင်က စုတ်စုတ်ပြတ်ပြတ်ပုံအမြဲလုပ်ရသတဲ့....။ ဒီတော့ အခုချိန်ထိ အနုပညာဟာ လူ့အသိုင်းဝိုင်းပြင်ပကလိုဟာ ဖြစ်နေခဲ့ရတယ်လေ...။ (သရုပ်ဖေါ်၊ ပိုစတာ ဆိုင်းဘုတ်ပန်းချီတွေကတော့ ချွင်းချက်ပေါ့လေ.) ။ ဒါရိုက်တာ ဦးထွန်းဝေလားမသိ ရိုက်တဲ့ကားမှာတောင် စိတဇဆေးရုံရိုက်ကွင်းအတွက် မိတ်ဆွေပန်းချီဆရာတွေကို
အရူးသရုပ်ဆောင်များအဖြစ် အကူညီတောင်းခဲ့တယ်ဆိုပါတယ်..။ ဒါဟာ ပန်းချီဆရာတွေကို အများသိကြတဲ့ပုံရိပ်ပါပဲ...။ လူတွေက ပန်းချီနဲ့ အနုပညာတွေကို ပညာတစ်ခုအနေနဲ့သတ်မှတ်ကြပီး ရေမြင့်မှကြာတင့်တယ်ဆိုသလို ချမ်းသာမှ၊ ပျော်ရွှင်မှ ကြည်နုးစရာ အလှဆင်စရာတစ်ခုလို့သာမှတ်ခဲ့ကြတာပါ...။ ပြတင်းပေါက်ဆိုဒ်နဲ့တိုင်းပီး ချိတ်ဖို့ပန်းချီကားဝယ်တာမျိုးတောင်ကြားဖူးတယ်...ဒီတော့ အနုပညာဟာ ဒုတိယနေရာရောက်မနေပေးဘူးလား...ထမင်းစားဖို့ကအရင်လေ...
နောက်မှ အလှပကလာတာ များကြတာပါပဲတဲ့...။ ဟုတ်တော့ဟုတ်ပါတယ် အိမ်မှမရှိပဲ ပန်ချီကားချိတ်ချင်လို့က ဖြစ်မှမဖြစ်တာ..ကြမ်းပြင်ပုံပီးထပ်ထားရင်တော့ ရသပေါ့လေ...။ ဒီတော့ ဗမာပြည်က ဘယ်ဘောက်ပဲ ဘိလပ်ပြန်ဆရာကြီးရှိရှိ...ဘယ်လောက်ပဲ ယဉ်ကျေးမှုထွန်းကားပါတယ်ဆိုဆို...ဒီနေ့မှာ မြင်တဲ့အတိုင်းပါပဲခင်ဗျာ....။ နိုင်ငံခြားသားတွေဆိုရင်..အသစ်ထွင်တာတွေ ကြည့်ချင်ရင် တခြားသွား...ဒီအတိုင်း မပြောင်းလဲနှစ်ရှည်လများ အရှိကိုအရှိအတိုင်းထားတာတွေကြည့်
ချင်ရင် ဗမာပြည်သာလာပေတော့ ပါပဲ....(အများအားဖြင့်ပြောပါတယ်)။ ကျနော် ရှေးဟောင်းအမွေနှစ်တွေ... လက်မှုပညာလေးတွေ၊ လက်ဆောင်အဖြစ်ရောင်းတဲ့ ပုံကားချပ်လေးတွေကိုချစ်ပါတယ် ဒါကတစ်ခြားပါ...။ ကျနော်တို့ ရည်ရွယ်တာက အနုပညာဟာ ပထမနေရာပါ... ချိတ်ဖို့အဆောက်ဦးပီးမှ စဉ်းစားခံရတဲ့ နေရာမဟုတ် မဆောက်ခင်ဦးဆောင်လမ်းညွှန်မယ့်နေရာမျိုးပါ... စီမံချက်စရေးတဲ့အချိန်မျိုးကနေရာပါ..ကြီးကြီးကျယ်ကျယ်ဆိုလေတယ်လို့ထင်မှထင်ရော.....အဲလိုပါ။
ဒါကြောင့်လဲ ခေါင်းမာတဲ့အကြောင်းပြောရတာပါ...(ကျနော်တော့ မမာနိုင်သေးဘူးရယ်)။ ဒီနေရာမှာ အများလက်ခံတာပဲလုပ်မယ်ဆိုရင်တော့သဘောပေါ့ခင်ဗျာ...။ လက်မှုကျွမ်းကျင်တာဟာလည်း မက်မောစရာပေကိုး...။ ကျနော်ဆိုချင်တာက...အနုပညာနွယ်သော ဖန်တီးမှုတွေဟာ နိုင်ငံဖွင့်ဖြိုးလာမှတင့်တယ်ရမယ့်နေရာမဟုတ်.. အနုပညာအားဖြင့်ဖွံ့ဖြိုးမှုကြံဆောင်ကြဖို့ပါ.... ဘယ်လိုလုပ်ရမလဲလို့ စောဒကတတ်ချင်သူများ သူများတကာလုပ်နေကြပုံများ ဥပမာရှုနိုင်စရာတွေ
အပုံကြီးပါခင်ဗျာ... အရင်ကတော့ နားမလည်တာတွေပဲ... မရိုးမသားပုံပျက်ပန်းပျက်တွေပဲ... စိတ်ရှုပ်စရာတွေပဲ..စသဖြင့် မျက်နှာလွဲခဲ့ကြပေမင့်...ဒီကနေ့မှာတော့ ဒါတွေကိုကျော်လာပီး... ဘာတွေကဘယ်လိုဆိုတာ နားမလည်နားလည်အောင်...မသိသိအောင်..မမြင်မြင်အောင် ရှင်းပြပြောဆိုဆွေးနွေးငြင်းခုန်....အလုပ်ရုံထိပါခေါ်ဆောင်စမ်းသပ်နိုင်နေကြပါဘီ...။ စမ်းသပ်...လို့ သုံးနှုန်းတာကို သတိထားမိကြစေချင်ပါတယ်.. ဘာလို့လဲဆိုတော့ အလုပ်ဖြစ်မှုမဖြစ်မှုနဲ့... လူအများကို
ရိုက်ခတ်နိုင်မှု မရိုက်ခတ်နိုင်မှုဟာ ဒီနေ့ ခေတ်ပြိုင်အနုပညာတွေမှာ...အသေအချာမပြောနိုင်လို့ပါ.... တုန့်ပြန်မှုတွေဟာ အရေးကြီးပါတယ်...လမ်းရိုးကြီးအတိုင်းမဟုတ်လို့ စွန့်စားရတာမျိုးဆန်ဆန်ပါပဲ။
(၄)ရှေးရိုးပန်းချီ။
ကျနော်တို့နိုင်ငံက သူများနိုင်ငံတွေအတိုင်း ကိုယ်ပိုင် ရှေးရိုးပန်းချီရှိပါတယ်....နံရံပန်းချီ၊ ပရပိုက်၊ ပျဉ်ပြား ကင်းဗတ်...စသဖြင့် ဇာတကတွေ၊ မင်းကြိုက်စိုးကြိုက်ခေတ်တွေကစလို့၊ ကျွန်ဘ၀ရောက်တော့ အားလုံးထုံစံအတိုင်း သူတို့နည်းတွေဝင်လာတယ်.... ဗမာတွေ သင်ယူတယ် ရေးဆွဲတယ်.... (သမိုင်းအတိကျတွေသိချင်ရှာဖတ်ပါ အကုန်ရှိပါတယ်)...။ အဖက်ဖက်ပညာရေး လူမှုရေးမှာ အင်္ဂလိပ်ဟန်တွေ သင်ရိုးတွေ ဖြစ်ကုန်ရင်း ပန်းချီကတော့ တခြားဟာတွေလိုမဟုတ် ....ကျွန်ဖြစ်တာပင်ခပ်ကောင်း
ကောင်းပါ...ဘာလို့ဒီလိုပြောရလဲဆိုရင် ကျောင်းတွေရော တကသိုလ်ဆိုတာမှာပါ သူတို့ဟာတွေ(ယူရိုဖီးယန်း နည်း) မြတ်မြတ်နိုးနိုးသင်နေကြဆဲမို့ပါ...ဒါတော့ထား...ကမဘာသုံးဖြစ်နေလို့ပဲဆိုဆို...အမှန်တော့ ဒီမှာ တကသိုလ်အဆင့်ဆိုပီး သင်တဲ့နည်းစနစ်တွေ
ဟာ သူများနိုင်ငံတွေမှာတော့အခြေခံမူလတန်းလောက်တင်ပီးကြတာရယ်ပါ ..ဒီတော့ သူတို့တကသိုလ်မှာဘာတွေသင် ဘာတွေ လုပ်လဲလို့မေးရင် အနီးနားက နိုင်ငံခြားပြန်မာစတာတန်းတတ်ခဲ့သူတွေသာမေးကြည့်ကြပါတော့ဗျာ... နည်းပညာကတခြား ထိုး
ထွင်းမှုကတစ်ခြားပါ၊ တိုတိုပြောရရင် မူလသင်ခဲ့သမျတွေ ပြန်ဖျက်ရတာပဲလို့ဆိုသူလည်းရှိတယ်....သင်တဲ့ကိစတွေ ဘာမှမယ်မယ်ရရလုပ်ရတာမရှိတော့ပဲ... ကိုယ်ပိုင် ရှာဖွေစူးစမ်း ဖော်ထုတ် တီထွင် ထိုးဖောက်ဖို့ စတင်စမ်းသပ် ရာနေရာပါ၊ ပိုမိုကျယ်ပြန့်
သော ကမဘာကြီးဆီကိုဝင်ဖို့ ပြင်ဆင်ရာ... ကိုယ့်ရပ်တည်ရာကို တည်ဆောက်ရာ၊ လူအများရှေ့ဆက်နေထိုင်အသက်ရှင်မှုမှာ ဆန်းသစ်စရာ...နေရာပါ....ဒီထက်ပိုတာတွေလဲရှိဦးမှာပါ..သေချာပါတယ်..ဒီတော့ကာ..တကသိုလ်တွေကထွက်လာတဲ့ လူငယ်တွေဟာ ရှေ့ကနေဦးဆောင်ပီးခေတ်ကို ပုံဖော်ကြ
တာပါ...တာဝန်ကြီးကြီးတွေယူကြရတယ်.. ဘယ်လိုယူကြသလဲဆိုတာဆက်ပြောပါဦးမယ်....နောက် ခေတ်ဟောင်းရှေးရိုးစွဲတွေကိုလဲ ဒီလူတွေပဲ တာဝန်ယူ တော်လှန်ခဲ့ကြတာပါပဲ...ဒီမှာတော့...ကျနော်တို့ကြားဖူးနေကျ..လက်ဆင့်ကမ်းအနုပညာအမွေကို ထမ်းဆောင်ရေး...ဆိုတဲ့ ဦးတည်ချက်ကနေစပြီး ကျနော်တို့ဦးနှောက်ထောင်ကျခဲ့ကြရတာပါ...ဦးတည်ချက်ကောင်းပေမယ့် လက်ဆင့်ကမ်းခြင်း နားလည်မှုမရှင်းလင်းခဲ့တော့.. အရင်ကလုပ်ခဲ့သလိုလိုမှမလုပ်ရင် ကျောင်းပဲထုတ်ခံရတော့
မလိုလိုပဲ...(အနုပညာကျောင်းထွက်တွေသိပါတယ်).။ လမ်းရိုးဆိုရာမှာ...အရင်ကသိခဲ့ကြတဲ့ မြန်မာပြည်ကပြပွဲပုံစံတွေကိုပြန်စဉ်းစားကြည့်တော့....ပန်ချီဆရာက ဖြစ်ဖြစ် စပွန်ဆာလုပ်သူကဖြစ်ဖြစ်၊ ၀ါသနာတူသူတွေ စုပြီး ပြခန်းငှားလို့ပဲဖြစ်ဖြစ်၊ ပြခန်းပိုင်ရှင်တွေကလည်း လစဉ်အထူး
အစီစဉ်ဆိုပီး ဖြစ်ဖြစ် ပန်းချီပြပွဲဆိုတာတွေလုပ်ကြတယ်..၊ ဖိတ်စာတွေဝေတယ်...ပထမဆုံးနေ့မှာ တနေကုန်ဧည့်သည်တွေ(၀ယ်မယ့်သူအပါအ၀င်)ကိုစောင့်ရတယ်... သတင်းထောက်တွေစောင့်ရတယ်..ပန်းချီဆရာတွေကတော့ ကိုယ့်ဟန် ကိုယ့်စတိုင် ကိုယ်အကြိုက်
အတိုင်း ရေးဆွဲကြတယ်...သိပ်ပီတိဖြစ်စရာအချိန်ပါ...။ နောက်လမ်းရိုး တစ်ခုက မြန်မာပြည်က ပြတိုက်ဆိုတာကတော့ အဟောင်းတွေစုစည်းရာ...ဖွင့်ကထဲက ခုထိဒီအတိုင်း စိတ်ဝင်စားဖွယ်အစီစဉ်သစ်ဆိုတာလေးများ ခုထိမကြားဖူးပါ..။ နောက် လူအများနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ စာနယ်ဇင်းတွေက
တစ်ဆင့်ဖေါ်ပြခွင့်ရတဲ့ သရုပ်ဖေါ်ပန်းချီ...စတဲ့..ဒီလို လမ်းကြောင်းအမျိုးမျိုးတွေ့ရတယ်.....။ ပန်းချီဆရာတွေ ဒီ့အပြင် ဘာလုပ်နိုင်ခဲ့ကြလို့လဲ...ဒီလောက်တင် အတော်များပြားနေပြီလို့ထင်စရာပါ....။
ဒါပေမယ့် အခုဒီပုံစံတွေနဲ့မဟုတ်ပဲ အခြားပုံစံတွေကို စမ်းသပ်လာကြတယ်...ဘယ်လိုတွေလဲ...ဘာတွေထူးနေသလဲ...။
(၅)နားမလည်မှုအစ။
အရင်ကတော့ ပန်းချီပုံတစ်ခုဟာ ကြည့်လိုက်တာနဲ့ရှင်းခနဲသိနားလည်နိုင်တယ်...ခေတ်တွေကြောင့်ပဲဆိုဆို အနုပညာရှင်တွေတီထွင်ပြောင်းလဲကြလို့ပဲဖြစ်ဖြစ်...အရင်လိုမဟုတ်ပဲ တစ်ခုခုသော လှို့ဝှက်ချက်၊ ဆိုလိုချက်၊ ရေးနည်းတွေတစ်နှစ်ထက်တစ်နှစ်ပြောင်းလာတာနဲ့အမျှ၊ သာမာန်လူထုကို ကျောခိုင်းစပြုလာကြတယ်ဆိုရမှာပါပဲ... သို့ပေမယ့် အလုံးစုံပြောင်းလဲခြင်းမျိုးမဟုတ်ပဲ တစစသာပြောင်းလာတာမို့ ကြည့်သူတွေအနေနဲ့ ကိုယ်စိတ်ကြိုက်ရွေးချယ်လာနိုင်ကြတယ်..။
နားလည်လက်ခံဆဲ ပန်းချီကိုကျောခိုင်းပီး အရိုင်းပန်းချီ ပုံသဏာန်တွေ စတင်ချိုးဖြတ်ရေးဆွဲကြတဲ့ ၁၉၀၅ ခုနှစ်လောက်ကနေ.....ဒြပ်မဲ့ပန်းချီတွေ ပေါ်ပေါက်လာခဲ့တဲ့ ၁၉၅၀ ခုနှစ်အလွန် နဲ့ စိတ်ကူး အယူအဆသစ် (၁၉၇၀ ၀န်းကျင်) ကိုဖန်တီးတဲ့ ယခုထိ
မရပ်နားတော့ပဲ တစ်ရှိန်ထိုးပြောင်းလဲမှုတွေသာ မြင်ကြရပါတော့တယ်....။(နိုင်ငံခြားပန်းချီဆရာအမည်တွေတော့မပြောတော့ပါဘူး)။ (ဒီနေရာမှာ...သိချင်သူများအဖို့...အရိုင်းပန်းချီ ..ဒြပ်မဲ့...စိတ်ကူးအယူအဆအဓိက စတဲ့ စကားလုံးများကို တီးမိခေါက်မိ မရှိသေး
ရင်တော့ လေ့လာသင့်ကြောင်း ကြိုတင်အသိပေးပါရစေခင်ဗျာ..)။ တစ်ချို့ တပ်ဆင်မှုတွေလုပ်ခဲ့ကြတယ်.. ဗီဒီယိုတွေ သုံးတယ်..ကွန်ပြူတာသုံးတယ်...ပြင်ပကအသုံးဆောင်တစ်ချို့ကို ယူငင်သုံးစွဲပီးပြသကြတယ်... ပန်းချီသမိုင်းက စခဲ့တဲ့အတိုင်းအနုပညာရှင်က သိမြင်၊ ခံစားရရှိ လာတဲ့ စေ့ဆော်မှုကို ပုံဖော်တာပါပဲ....၊ အခုလဲ ဘယ်လို ခေတ်ပေါ် အရာတွေပဲ သုံးသုံး ဒီအတိုင်း သိမြင်၊ ခံစားရရှိတဲ့စိတ်ကူးကိုဖန်တီးတာပါပဲ...ဘာကွာလို့လဲ..ဘာမှမကွာဘူးရယ်......။ အဲ...ကွာတာကဘာလဲ
ဆိုတော့..... ခေတ်ပေါ်စက်အသစ်တစ်ခုကို ယူဇာမီနူရယ် (အသုံးပြုအညွှန်း)သေချာမဖတ်နိုင်ရင် ကိုင်တွယ် အသုံးပြုလို့မရတော့သလို.....၊ နည်းပညာ အပြင်အဆင်၊ စိတ်ကူးအချိတ်အဆက်နဲ့ စီစဉ်ဖန်တီးထားတာတစ်ခုကိုလည်း...ဒီလို ယူဇာမီနူရယ်မသိနိုင်ပဲ မကျွမ်းဝင်နိုင်တော့ပါဘူး....။ ဒီထက်ဆိုးတာကတော့ ....အနောက်တိုင်းက ဒါဒါလှုပ်ရှားမှုတွေ အာရှထိပြန့်လာခြင်းရဲ့ ရိုက်ခတ်မှုလို့ဆိုနိုင်တဲ့... အသင့်ပြုလုပ်ပြီး...စက်ရုံထုတ် အသုံးဆောင်တွေကို အမြင်အနေနဲ့
ယူငှင်သုံးစွဲပီး အတွေးခေါ်နဲ့ အယူဆအသစ်တစ်ခုကိုသာ ချပြပြောဆိုတဲ့ အနုပညာမျိုးတွေ အတော်များများမြင်ကြရတယ်... အများအားဖြင့် လူနဲစုရဲ့ လက်ခံမှုပဲရှိတာပါ..။
အနုပညာရှင်တွေဟာ မသိလို့ သံသယရှိတာကို ရှင်းလင်းပြချင်တဲ့စိတ်မျိုးသိပ်မရှိခဲ့ကြဘူးလို့ထင်ပါတယ်.. ဒီတော့ ပြသူနဲ့ ကြည့်သူဆက်သွယ်မှုမှာ လမ်းကြောင်းတွေလွဲလာတာပါပဲ။ ဒါကို အနုပညာရှင်အတော်များများက ဂရုမထားတဲ့အပြင် နားမလည်အောင်တင်ပြခြင်းကလည်း အနုပညာမြောက်ခြင်းပဲ၊
ကြည့်သူက လိုက်မမီပါဘူးဗျာလို့ အားနာနာနဲ့ပြောတာတောင် (ငါကမြင့်နေလို့နေမှာလို့) ကျိတ်ကျေနပ်နေခဲ့ကြတာရှိတယ်ထင်ပါတယ်....။ ဒီတော့ စိတ်ချင်းသိနေသူ အနုပညာရှင်အချင်းချင်းတွေလောက်သာနာလည်မှုပေးကြပေမယ့်၊ အခြားဘယ်သူမှမပါလာကြတာခုထိပါပဲ။ ဒီထဲ ..တစ်ခါက မိတ်ဆွေတစ်ယောက်ပြောပြတာလေးမှတ်မိသေးတယ်.... ပန်းချီကျောင်းဆင်းပွဲတစ်ခုရောက်သွားတယ်.... ပြဖို့ပြင်ဆင်နေကြချိန်တဲ့.... အဲဒီမှာ ခုံတစ်ခုပေါ် သံချောင်းကောက်ကောက်ကြီး
ထောင်ထားတာလေးတစ်ခုတွေ့တယ်...သူက...ဟာ လန်လှချည်လား မော်ဒန်ထင်တယ်လို့ ဆိုတုန်း...နောက်ကနေ နဲနဲဖယ်ပါ..နဲနဲဖယ်ပါဦး ဆိုပြီး၊ ပုံတူပန်းပုရုပ်ခေါင်းပိုင်းကြီးလာစွပ်ချလိုက်သတဲ့။....ဟာဟင်ဖြစ်ခဲ့တယ်ဆိုပါတော့....
ကြာတော့ကြာခဲ့ပါပြီ။ အခုလဲ ခေတ်ပြိုင်လိုဆိုကြပေမယ့် အများအမြင်မှာ အီလည်လည်ကြီးရှိနေဆဲပါ....။ ဒီတော့...ခေတ်ရှေ့ပြေးတဲ့ တစ်ချို့အနုပညာရှင်တွေကတော့ လက်ခံပံ့ပိုးတဲ့ နိုင်ငံတကာပွဲတွေကိုသာ အာရုံစူးစိုက်ထားနိုင်တော့တဲ့အခြေနေဖြစ်လာ
ရပါတယ်...။ ပြည်တွင်းပွဲမရှိတော့သလောက်နဲပါးလာကြရတယ်...။ နေရာစုံကနေ စိတ်ကူးရှာ...မြန်မာပြည်မှာ လူမသိသူမသိအကြမ်းထည်နမူနာလေးလုပ်...အချောထည် တစ်ကယ့်လက်ရာကိုတော့ အကုန်ကျခံ ဖိတ်ခေါ်ကူညီတဲ့နိုင်ငံခြားမှာ ပြုလုပ်တပ်ဆင်
သွားပြကြရတော့တယ်...။ ကဲ ဒီတော့ ဘယ်လောက်စိတ်ကူးကောင်းတယ်ဆိုဆို... ဒါဦးနှောက်ယိုစီးခြင်းပဲ၊ ကိုယ့်နိုင်ငံက ကျောက်မျက်ရိုင်းတုံးတွေ သူများနိုင်ငံမှာ အရောင်တောက်ကြတာပဲ။ ဒီမှာ လောက်လောက်လားလားကြည့်ရှုခံစားနိုင်ဖို့ ဖြစ်မလာပဲရှိတော့တာပေါ့....လို့ ထင်မိပါတယ်။ ဒါပေမယ့် အနုပညာရှင်တွေဘက်က ပြန်ကြည့်ရင်လည်း....ရောင်းချလို့မရနိုင်တဲ့ အနုပညာတွေကို ပံပိုးမှုမပါပဲ ပြသနိုင်ဖို့ဆိုတာလဲ လွယ်တဲ့အခြေနေတစ်ခုမဟုတ်ပါဘူး...စာဝတ်နေရေးကလည်းရှိသေးမို့လား။
တခြားနိုင်ငံတွေလို... နိုင်ငံတော်အဖွဲ့စည်းတွေ၊ ဖောင်ဒေးရှင်းတွေက အသိရှိရှိ၊ ပံ့ပိုးလာဖို့တော့ နောင်အနာဂါတ်မှာပဲ မျှော်လင့်ကြရမှာပါ..။
(၆)အစွဲအလမ်းများ။
လူတစ်ကိုယ်စိတ်တစ်မျိုးမို့လား.... ဒီတော့ သူ့အစွဲလမ်းနဲ့သူပေါ့..... ကျနော် ပန်းချီစသင်တော့ `ရေဆေးမှာ ဟောဒီအစိမ်းလေးကို ငါနဲ့ငါ့ဆရာနှစ်ယောက်ပဲ နိုင်အောင်ရေးနိုင်သကွ´ လို့ သင်တာနဲ့ စတွေ့ပါတယ်...။ ဒီလိုပဲ ပန်းချီကျောင်း၊ အနုပညာတကသိုယ် ခုနှစ်နှစ်လုံး...လှေနံဒါးထစ် ဒါမှဒါပဲသင်ရတာများခဲ့တယ်(သင်တဲ့ဆရာများကို မဝေဖန်ပါ... သင်ရိုးစနစ်ကိုသာပြောလိုတာပါ)၊ သူ့အချိန်နဲ့သူတော့ သင့်တော်ပါတယ်၊(ကျနော်က ပန်းပု ဆိုတော့ ဒါးထစ်ရတာနီးတော့နီးစပ်ပါတယ်လေ..:)။
အစွဲလမ်းဟာ အတော်ဖျောက်ရခက်တဲ့အရာပါ....ကမာပေါ်မှာရှိတဲ့ သက်ရှိအကုန်လုံးဟာ အစွဲလမ်းကြီးကြတာပါပဲ.....။ အဲဒီထဲ အနုပညာသမားဟာ အစွဲလမ်းအကြီးတကာ့အကြီးဆုံးလို့ ထင်တာပါပဲ...။ ဘာလို့လဲဆိုတော့ အစွဲလမ်းတော်ရုံမကြီးတဲ့သူတစ်ယောက် အနုပညာရှင်
မဖြစ်နိုင်ဘူးထင်လို့ပါပဲ....။ သူများထက် စွဲလမ်းလို့ သူများမမြင်တာ သူများမလုပ်တာ၊ သူများမတွေးတာ မြင်နိုင်လုပ်နိုင်တာမို့လား။ နောက် တော်ရုံအတကြီးတာမဟုတ်ပဲ စွဲစွဲလမ်းလမ်းကြီးတတ်တာမျိုးလို့ထင်ပါတယ်....။ တစ်ချို့က ငါ့စတိုင် ငါ့ဟန်ရယ်လို့
စွဲတယ်....တစ်ချို့ကတော့ လူသိလာတဲ့ ကိုယ့် အကြောင်းရာလေးကိုစွဲတယ်....။ စွဲတယ်ဆိုတာ မြဲတယ်လို့လဲ ပြောလို့ရနိုင်တာပါပဲ၊ မြဲတော့ မှတ်မိစေတယ်၊ မှတ်မိတော့ ပရိသတ်(သို့) ၀ယ်ချင်သူမှတ်မိလာမယ်။ ဒီတော့ တကယ်ကြိုက်လို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ စွဲချင်ရင်တော့ စွဲနိုင်ပါတယ်။ စွဲလမ်းပါ။ မက်မောတွယ်တာပါ...ဒါပေမယ့် သေချာတာက စိတ်ဖွင့်မထားတဲ့ စွဲလမ်းခြင်းဟာ မကျွတ်လွတ်နိုင်တဲ့ လှောင်အိမ်တစ်ခုဆိုတာ အမှန်ပဲ....။
(၇)မေးခွန်းအသစ်များ။
မြန်မာပန်းချီသမိုင်းစာအုပ်တွေကို သေသေချာချာစုံစုံစိစိမဖတ်ဘူးပါဘူး... ဒါပေမယ့် ကိုယ်မီခဲ့သလောက် ဖတ်ခဲ့ဖူးသလောက်အခြေနေကနေခုထိ မှန်းကြည့်ရင် ပါးပါးတော့မြင်နိုင်ပါတယ်...ကျနော်ပါးပါးပဲမြင်ချင်ပါတယ်..ထူထူမြင်ရဖို့ မလုပ်တော့ဘူး...ဘာလို့လဲဆို
သိပ်ကိုများလို့ပါ....ကျနော်တို့ရဲ့နောင်တော် ညီတော် ပန်းချီသမားတွေ ခေတ်အဆက်ဆက်မညံ့ခဲ့ကြပါဘူး ညိမ်ညိမ်မနေခဲ့ကြပါဘူး..ဒါတော့သေချာတယ်..။ လေးစားစရာလူတွေ များမှများပါ...။ ဒါပေမယ့် ခုထိမအောင်မြင်သေးတာက မြို့ပြလူထုကိုကိုယ်စားမပြုနိုင်သေးတာပါ...လူနဲစုနဲ့ ပေါ်ပင်လိုက်သူတွေကြား ဗျာများရဆဲမို့ပါ...။ အထက်ကဆိုခဲ့တဲ့ ရှေးရိုးအမြင်တွေနဲ့ဆိုရင်တော့ ဒီတိုင်းသာဆက်သွားနေမှာပါ...ဒီတော့ဘာဖြစ်လဲဆို ဘာမှမဖြစ်ပါဘူး.. ခေတ်ကိုအလျားလိုက်သာဖြတ်ရနေရမှာပါ....။ ဒီနေရာမှာ...
အနုပညာရှင်တွေနဲ့ ပြခန်းတွေကို ဘယ်လိုမှ ဝေဖန်ပြောဆိုလိုခြင်းမရှိပါ....။ ရေးဆွဲသူလဲ ပီတိနဲ့ကျေနပ်၊ ရောင်းသူလဲမြတ်နေကြတာ ဘာမှ ပြောစရာမရှိပါ....။ ဒီတော့ ဘာကိုပြောချင်တာလဲဆိုရင်...သူများတိုင်းပြည်တွေကဘာကြောင့်များ အရူးထပီး ခေတ်ပြိုင်ဆိုတာတွေလုပ်နေကြသလဲ၊ ရောင်းမရတဲ့ဟာတွေက ဘယ်လိုများ ကောင်းနေလို့တုန်း၊ ကျနော့်ထက် သိသူတွေအတော်များများရှိနေပေမယ့် မပြောဖြစ်ကြတဲ့၊ မပြောလိုကြတဲ့..စကားတွေ မေးခွန်းတွေ....ရှိနေမှာပါ...ဘာတွေလဲ။ လူအလာ
နည်းလေ့ရှိတဲ့ ပြတိုက်တွေက မလာချင်လာချင်အောင် ဘာတွေလုပ်နေသလဲ၊ လာတော့ ဘယ်လိုပြသ ဧည့်ခံကြသလဲ၊ ဒါဟာပြတိုက်ပိုက်ဆံရဖို့တစ်ခုထဲလား၊ ဒါတောင်မလာနိုင်ကြသေးတဲ့လူတွေအတွက် သူတို့ရှိရာ နေရာတွေထိ လိုက်လံ ဆွဲဆောင်ဖို့
ဘယ်လို ကြီုးစားနေကြပြန်သလဲ၊ ဘာကြောင့်အရင်သိပီးသားပန်းချီတွေဆိုတာနဲ့ လားလားမှမအပ်စပ်တာတွေ ရှာရှာဖွေဖွေလုပ်နေကြသလဲ....၊ ပြခန်းတွေဆီမလာလို့ ရပ်ကွက်ထဲထိ လိုက်လံမိတ်ဆက်ပေးနေတာဘာကြောင့်လဲ...၊ ဒီနေ့ခေတ်မှာအသစ်ဆန်းပစည်းဆိုရင် နိုင်ငံခြားကဟာမှဆိုတာ ဘာကြောင့် ဖြစ်နေကြရသလဲ၊ သူတို့အရူးထသမျှတွေ ဘာကြောင့် နိုင်ငံတော်ကရော သက်ဆိုင်ရာမြို့အုပ်ချုပ်သူတွေကပါထောက်ပံ့အားပေးနေကြတာလဲ...၊ အနုပညာပဲလုပ်ချင်ပီး ရှေ့မထွက်
လိုတဲ့သူတွေကို ဘယ်လိုပံ့ပိုးကြသလဲ...၊ မထင်မရှားမြို့ရွာရပ်ကွက်လေးတွေကနေ ကျော်ကြားထင်ရှားအောင် ဘာတွေသုံးပီးလုပ်နေကြသလဲ..ကဲ ဖြည်းဖြည်းဆက်လက်လေ့လာရင်း သဘောပေါက်လာပါလိမ့်မယ်....။
(၈)မြင်ဖူးမှယုံချင်ဖွယ်။
ပန်းချီအနုပညာအကြောင်းတွေက ဘယ်သူက ဘယ်လို စကားလုံးအကြီးကြီးတွေ၊ ပညာပိုင်းဆိုင်ရာစကားလုံးတွေ လှိုင်လှိုင်သုံးနေပေမယ့် လူအများစုက ကိုယ်အထွာနဲ့ကိုယ်သာ နားလည် လက်ခံကြတာရယ်....။ ဒီနေရာမှာ နားလည်နဲ့ လက်ခံဆိုတာ ကွဲပြန်ပါသေးတယ်.... လက်ခံပေမယ့် နားမလည်တာ နားလည်နိုင်ပေမယ့် လက်မခံချင်တာတွေရှိနေပါတယ်....။ ဒီတော့ မျက်စိနဲ့တပ်အပ်မြင်ရပါမှ တန်းခနဲသိနိုင်တာမျိုးနဲ့ မြင်နေရတာကို သိအောင်ထပ်ကြိုးစားရတာတွေရှိ
လာပါတယ်....။ ဒီတော့ ပြောချင်တာက ဒီနေ့အနုပညာလမ်းကြောင်းတွေ များလာသလို လက်တွေ့မျက်မြင်အတွေ့အကြုံက သိပ်အရေးကြီးလာပါတယ်.....၊ ခေတ်ပြိုင်ဆိုပေမယ့် လူအများက အားမပေးကြတော့ အားပေးလောက်စရာလည်း လက်ရာကောင်းကောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်မပြနိုင်ဆိုတော့.....ဆက်လက်ဖွင့်ဖြိုးမှုမှာ နှောင့်နှေးနေတယ်ထင်ပါတယ်။ တစ်ခါတစ်ရံကြည့်ခွင့်ကြုံတဲ့ ပြပွဲအချို့က အင်စတော်လေးရှင်းလို၊ ဗီဒီယိုအတ်လို ဟာတွေက ရှင်းရှင်းပြောရရင်အများအားဖြင့်
အမြင်အရ ထူးခြားလှပ အံ့သြစရာမျိုးမရှိ၊ အတွေးခေါ်အရလည်း ဒီလောက်ကြီး နက်နက်နဲနဲအချိတ်ဆက်မိမိအတွေးကမပါ၊ ပါပြန်တော့လဲ ကြည့်သူဆီကိုခပ်ရှင်းရှင်းမရောက်၊ တစ်ချို့ဝေဖန်တာကြားဖူးသလို.... အကြမ်းထည်ပြယုဂ်တွေ သိပ်များတယ်ဆိုတာလို...
အနုပညာ အသိ အတတ် လေ့လာ စူးစမ်းမှုနဲ့ပညာရပ်ပိုင်းဖော်ထုတ်မှုအားနည်းသော လက်ရှိနိုင်ငံ ပညာရေးအခြေနေအရ...။ ဒီတော့ ... ဦးနှောက်ခြောက်စရာ အရုးချေးပန်းတွေ၊ ပေါက်တတ်ကရတွေ၊ လျှောက်လက်ကမြင်းတာတွေရယ်လို့ ထုတ်မပြောသော်လည်း အများကဆိုလာကြတာမဆန်း...။ အနည်းငယ်သော လက်ရာကောင်း စိတ်ကူးကောင်းလက်ရာရှင်တွေ ရှိခဲ့ တွေ့ခဲ့ဖူးပါတယ်၊ အခြေနေအရ နည်းပါးလာခဲ့ပြီ။
(၉)အရသာခံစားမှု အဖြူအမဲ မကွဲပြားခြင်း။
ပန်းချီနှင့်နွယ်သော ဖန်တီးမှုများသာမက အခြား ဂီတ သဘင် ကဗျာ စသည့်အနုပညာအလုပ်တို့တွင် အရသာခံစားမှုနှင့် အတတ်ပညာ နည်းစံနစ်အလုပ်တို့ ပေါင်းစပ်ပါဝင်နေတယ်လို့ ယူဆပါတယ်.... အနုပညာဟာ ဘယ်လိုနယ်ပယ်မှာဖြစ်ဖြစ် ဒီနှစ်ခုကြားမှာ ပြုလုပ်ကြရတာပါ.... အများအားဖြင့်တော့ အလေ့အကျင့် အတတ်ပညာတစ်ခုအဖြစ် စတင်ကြတာများပါတယ်...ဒီတော့ ကျနော့်ဆိုလိုချက်က နည်းပညာပိုင်းက တစ်ဖက် အနုပညာပိုင်းက တစ်ဖက်လို့ထင်ပါတယ်...သို့ပေမယ့်
ကျနော်တို့ လက်ရှိရင်ဆိုင်နေကြရတာတွေက...အနုပညာတွေအပေါ်မှာအများအားဖြင့်နားလည်လက်ခံပုံမှာ...လက်မှုအတတ်နဲ့ အနုပညာဆိုတာကို မကွဲဘူး၊ နုနုညံ့ညံ့လေးလုပ်ရတာတွေကို အနုပညာလို့ထင်နေသူတွေလည်းရှိသေး၊(စကားလုံးနောက်ခိုလိုက်ရင်း)၊ အလေ့အကျင့်ကျွမ်းကျင်မှု(စကေးလ်ဖူး)နဲ့ အတွေ့အကြုံသစ် အရသာကိုမကွဲပြားပါဘူး၊ နည်းစနစ်တကျပြုလုပ်ခြင်းနဲ့ ခံစားမှုစိတ်အလိုကို ကွဲပြားနှိုင်းယှဉ်မတွေးမိဘူး။ ဒီတော့ ဆိုင်းဘုတ်ရေးတာ လဲပန်းချီ၊ ကားနံပါတ်လဲပန်းချီ၊
ဘုန်းကြီးပျံ မဏပ် စပ်ပန်းချီလည်း ပန်းချီပဲ...ရောရောနှောနှောဖြစ်လာပါတယ်....။ ဒီထက်ဆိုးတာက.... လမ်းဘေး ပြိုလဲနေတဲ့ တံတားလေးက အင်စတော်လေးရှင်းလိုပဲ ခံစားမိတယ်ဆိုတာမျိုး၊ ကိုးရိုကားယားဝတ်ထားတဲ့ ယဉ်ယဉ်လေးရုးနေတဲ့လူရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း ပါဖောမင့်လုပ်နေသလို ကြည့်ရတာမိုက်တယ်.....လို့ဆိုတာမျိုး၊ စုံလို့ပါပဲ.... ဖြေရတာ ခွတီးခွကျတွေပါ....။ အဲလို...မကွဲမပြားတွေ တယ်များမှများပါပဲ...။ အကြောင်းနဲ့အကျိုးနဲ့ ရေရေလည်လည် ကွဲကွဲပြားပြား
ဖန်တီးဖို့ လက်ခံနိုင်ဖို့ အများကြီးလိုလာပါတယ်၊ ဒီနေရာမှာ...တစ်ချို့ အရမ်းနုညံ့ခံစားလွယ်ပြီး အရာရာမြင်သမျှကို အနုပညာဆန်စွာ အလှအပအဖြစ်ခံစားတတ်တာမျိုးကတော့ သီးခြားပါ၊ သူ့တကိုယ်ရေ ပုဂလသာဖြစ်ပါတယ်၊ ဒီခံစားမှုမှာ သူ့မနောစိတ်ကလေး ခဏဖြစ်ဖြစ် ပျော်ရွှင်သွားတာလောက်တော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်၊ ဒါပေမယ့် အနုပညာအားဖြင့် လက်တွေ့ကျသော၊ စမ်းသပ်ရှာဖွေမှုပါသော၊ ပါဝင်လှုပ်ရှားနိုင်သော အခြေခံကျကျ လူ့ဘ၀ဆီကို အသုံးချအနုပညာ
အဖြစ် မရောက်လာနိုင်ပါဘူး၊ သီးသန့် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကိုယ့်တစ်ကိုယ်ရေစိတ်ကူးယဉ်မှု ကျေနပ်မှုကို ကိုယ်သာနားလည်ကျေနပ်နေပြီး အများကိုချပြနေသမျှ ဒီလို အဖြူအမဲက ကွဲပြားလာမှာမဟုတ်ပါဘူး။ ဝေးသထက်ဝေးလာစရာပဲ
ရှိပါတယ်...။ ဒီတော့ အရသာခံစားမှု ဆိုတာကို ကွဲကွဲပြားပြားပိုမိုနားလည်သင့်ပြီလို့ထင်ပါတယ်...။ ကျွန်တော်တို့ မိတ်ဆွေ ဆရာတစ်ယောက်ပြောသလို အရသာခံစားမှု မျိုးသုန်းခြင်း ....ဆိုတဲ့ကပ်ဆိုးတော့မဖြစ်စေလိုပါ။
(၁၀)အရိုးဆုံးသည်အဆန်းဆုံးမဖြစ်နိုင်တော့.....
ယခင်က ဘယ်နေရာဘယ်အကြောင်းရာမှာဖြစ်ဖြစ် အမျိုးမျိုးဆန်းသစ်ဖို့ တွေးကြကြံဆကြ ထွင်ကြတဲ့အခါ နောက်ဆုံးအဖြေမပေါ်တော့ တစ်ယောက်ယောက်က၀င်ပြီး....အရိုးဆုံးလေးသာလုပ်စမ်းဘာ ဒါဟာ အမြဲဆန်းသစ်နေမှာပဲလို့ဆိုပြီး မဆန်းကြယ်သော မရှုပ်ထွေးသော... ဒါ့အပြင် ဘာမှလည်း
မယ်မယ်ရရ စိတ်ကူးကောင်းမပါတတ်သော အရာတစ်ခုထွက်လာတတ်ပါတယ်။ ဒီနေရာမှာ ဆရာဦးခင်မောင်ဘဏ် ပြောသွားဖူးတာလေး ဒက်ဒက်ထိမှန်နေတာ အတော်များများပဲဆိုတာတွေ့လာတယ်.....။ ဆရာဦးခင်မောင်ဘဏ် သိမီခဲ့တာက ခေတ်သစ်ပန်းချီလို့ပြောကြတဲ့...ဒြပ်မဲ့လို့လဲခေါ်တဲ့၊ တစ်ချို့
စိတဇပန်းချီလို့လဲခေါ်ဖူးတဲ့ အက်ဘ်စရက် အိတ်စ်ပရက်ရှင် ခေတ်ပါ...ဒါပေမယ့် ရှေ့ကြိုတွေးတတ်သူတွေက သိတယ် ဒီလမ်းဟာ ဘာတွေဖြစ်လာမလဲ ဘယ်လိုရှေ့ကိုဆက်နိုင်မလဲဆိုတာ မှန်းကြည့်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ရပ်မနေတော့တဲ့
လမ်းကိုး...(ဆရာဦးခင်မောင်ဘဏ် ပြောခဲ့တာတွေ သီးခြားဆွေးနွေးပါမယ်) ။ နည်းတွေ စည်းတွေ အကဲဒမစ်သတ်မှတ်ချက်တွေကို ကျော်ဖြတ်တော်လှန်ခဲ့ပီးမှတော့....အဆုံးပန်းတိုင်ကိုလည်း ရေရေရာရာသတ်မှတ်မထားတော့တာမျိုး....။ ဒီတော့ အဆန်းဆိုတာ တကယ်ဆန်းနေတာမျိုးပါ.... ရိုးရိုးလေးကို ရိုးဂုဏ်ရှိတယ်ဆိုပီး နေနိုင်ပေမယ့်
ဆန်းတာနဲ့ယှဉ်ရင် ဘာမှမပြောနိုင်လောက်အောင် ကွာခြားခဲ့ပြီ။ ဆန်းတယ်ဆိုရာမှာ....တစ်ချို့ အသိခေါက်ခက် သူတွေက ကြမ်းတမ်းတာတွေ၊ ရုန်းရင်းတာတွေ ။ မရိုးမသားတွေ၊ ကူလီကူမာတွေ စသည်ဖြင့် ကဲ့ရဲ့ရင်း၊ မျက်နှာလွဲတတ်ကြပါတယ်။ အမှန်တော့ အဲလိုမဟုတ်တာ ခုသိလာကြပါပြီ၊
နောက်လာမယ့် ခေတ်ကာလတွေဟာ.... ဒီလိုမဆီမဆိုင်တွေကို ပြန်ပြန်ရှင်းပြနေရမယ့် အချိန်တွေမဟုတ်လောက်တော့ဘူးလို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ တလွဲ အစွဲမကင်းမှုနဲ့ မျက်စောင်းထိုးနေစရာမလိုတော့ပဲ.... အလှအပဆင်ယင်မှု ဈေးကွက်ဆီကိုသွားတဲ့ ပန်းချီ ပန်းပုစတဲ့ အနုပညာအလုပ်တွေနဲ့
တီထွင်ဆန်းသစ်မှု ခေတ်ရှေ့ဆောင် နိုင်ငံဂုဏ်ဒြပ် ဥာဏ်ပညာတွန်းအားဟု ဆိုကြသော ပုံစံအမျိုးမျိုးအနုပညာများနဲ့ ကွဲပြားခြားနားလာမှာ အသေအချာပါပဲ။ အလှအပဆင်ယင်မှု ဈေးကွက်ရောက် ကျွန်းကျင်လက်မှုအနုပညာတွေက သူ့နေရာသူ အတိုင်းတာအလိုက် ရောက်ရှိပြီး၊ တီထွင်ဆန်းသစ်မှု �
တီထွင်ဆန်းသစ်မှု အနုပညာတွေကလည်း
သူ့အတိုင်းတာအလိုက် သူ့နေရာမှာရောက်ရှိနေမှာပါ့.... ဒီတော့ အားလုံးအနေနဲ့ ကိုယ့်ရွေးချယ်မှု ကိုယ့်ပြဌာန်းချက်အတိုင်း ကိုယ့်ဘ၀ကိုယ်ရွေးချယ်ဖို့ပါပဲ။ လူတစ်ယောက်မှာ စိတ် ဘယ်နှကိုယ်ခွဲနိုင်မလဲ.... နှခုသုံးခု တွဲလုပ်ရင်း နေထိုင်ရှင်သန်နေကြရမှာတော့ ဖြစ်နိုင်ချေရှိပါတယ်.....ဒါပေမယ့်
တရားရှာသလို ...စိတ်မပြတ်သားသရွေ့ ပေါ်ပင် လူစည်ရာနောက် လိုက်နေသရွေ့....တစ်ခုခုပိုင်နိုင်ရရှိဖို့ ဝေးနေဦးမှာပါ.....။ အမြန်ဆုံး မိမိတို့ ကိုယ်ပိုင်များ ရရှိနိုင်ကြပါစေ။
အောင်မြတ်ဌေး(ဆက်ရန်)
၂၀၁၃၊ ဇွန်လ