Saturday, May 3, 2014

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၃)

ကျွန်တော့အတွက်တော့ ပန်းချီညကျောင်းက အမှတ်ရစရာတွေများလှပါတယ်....။
ဆရာကန်တော့ပွဲမှာ ပန်းချီကားမဲပေါက်ဘူးတယ်.... အဲ့ဒီပန်းချီကားကိုကူးရေးချင်လို့ ခဏဌားပါဆိုပြီး...
အခုထိပြန်မတွေ့တော့ မပေးတော့တဲ့သူနဲ့လည်း ကြုံခဲ့ဖူးတယ်....။

ညကျောင်းပထမနှစ်ပြီးလို့ ဒုတိယနှစ်မတက်ခင် နွေရာသီမှာ အဖေက သူ့သူငယ်ချင်းဖြစ်တဲ့
ပန်းချီဦးကျော်သောင်းထံအပ်ပေးပါတယ်.....။ ဦးကျော်သောင်းဟာလည်း ကျွန်တော့်အတွက် အရေးကြီးလှတဲ့
ကျေးဇူးရှင်တစ်ဦးပါပဲ....။ အနုပညာအကြောင်းတစ်လုံးတစ်ပါဒမျှမသိတဲ့ကျွန်တော့်အတွက်
အမြင်အကြားများစေခဲ့ပါတယ်.....။ နောက်ပိုင်း ဦးကျော်သောင်းလမ်းညွှန်မှုနဲ့
ယဉ်ကျေးမှုတက္ကသိုလ်ကိုတက်ဖြစ်ခဲ့တာကလည်း..... ဘ၀ရဲ့ ကြီးမားတဲ့ နောက်ထပ်အချိုးအကွေ့တစ်ခုပါပဲ.....။

ပန်းချီညကျောင်း ကျောင်းသားဘ၀ပြန်စရရင်.... ဒုတိယနှစ်မှာ ဆရာဦးဝင်းတင့်အတန်းတက်ရတယ်...။
မြန်မာရိုးရာကိုတော့ ဆရာကျော်ကပဲ ဆက်သင်ပေးတယ်......။ နေ့ကျောင်းသားတွေရဲ့ လေ့ကျင့်လက်ရာတွေကြည့်ရတာ....
တကယ်ကို အားကျစရာကောင်းပါတယ်..... ဒုတိယနှစ်ကျောင်းသားတွေက အပြင်အလုပ်တွေလက်ခံလုပ်နေကြပြီ....။
အထူးသဖြင့်တော့ ရုပ်ပြရေးတာပါ...။ သွက်သွက်လက်လက်နဲ့ အောက်လိုင်းတွေရေး.... ဘက်တွေဖြည့်နဲ့
အတော်တော့ ကြည့်လို့ကောင်းပါတယ်.....။ အဲ့ဒီအချိန်တုန်းက ကျောင်းက အပြင်အလုပ်တွေ အတော်ရပုံရတယ်...
ဆရာဝင်းရဲ့ညကျောင်းအချိန်က သိပ်မကြာခင်မှာဘဲ ဆရာတွေ နယ်သွားပြီးအလုပ်လုပ်ဖို့ပေါ်လာတာနဲ့ .......
ဒုတိယနှစ်ကျောင်းသားဘ၀ကိုလည်း ဆရာကျော်နဲ့ဘဲ ထပ်ဆက်ရပြန်ပါတယ်......။

မှတ်မှတ်ရရ...မာရီရေဆေးတစ်ဘူး... ၂၅၀ကျပ်ပေးရပါတယ်.... ဆေးစပ်ခွက်ကလည်း ၂၅၀ပါပဲ....
ဖြစ်ချင်တော့ ဒုတိယနှစ်မှာ ညကျောင်းလခ ၅၀ကနေ...၃၀၀ကျပ်တိုးကောက်ပါတယ်.....
အတော်ကိုများတယ်လို့ဆိုနိုင်ပါတယ်......ညကျောင်းသားတွေ အခက်အခဲဖြစ်တော့....
ဆရာတွေတိုင်ပင်ပြီး.... ပိုက်ဆံမရလည်းနေ အလကားသင်ပေးမယ်တို့.......
ဒါမှမဟုတ်.... ၅၀ကျပ်ပဲပြန်ပြောင်းဖို့စာတင်မယ်တို့.... ဖြစ်ခဲ့ပါတယ်......
ဒါပေမယ့်.... ကျောင်းအုပ်ကြီးကဆရာတွေကော.. ညကျောင်းသားအားလုံးကို ရုံးခန်းခေါ်တွေ့ပြီး....
သက်မှတ်ပြီးသားဖြစ်လို့ပြောင်းလဲလို့မရကြောင်း...
အစရှိသည်ဖြင့်ပြောခဲ့တဲ့အတွက်... ဘာမှမတတ်နိုင်ပဲ... ဆက်တက်ချင်ရင်
တစ်လ ၃၀၀ကျပ်သွင်းဖို့ဖြစ်လာခဲ့ပါတယ်....။
များတယ်လို့ဆိုနိုင်ပါတယ်..၀န်ထမ်းလခက ၁၀၀၀တောင်မရှိသေးတဲ့ ၁၉၉၆ခုနှစ်က ဆိုတော့လေ.....။။

ဒါနဲ့ပဲ... ရေတွေမျှောလိုက်....မရလိုက်နဲ့... ဒုတိယနှစ်ညကျောင်းသားဘ၀ဖြတ်ကျော်ဖြစ်ပါတယ်....။
မှတ်မှတ်ရရ... ကျွန်တော်ရေးတဲ့ အရောင်တွေကိုကြည့်ပြီး ဆရာကျော်က အဲ့ဒီအတိုင်းတွေ့လို့
ရေးတာလားမေးပါတယ်..... အရောင်မကိုင်ဘူးတဲ့ကျွန်တော်.... ကာလာဘလိုင်းဖြစ်တယ်လို့ထင်ရအောင်
မြင်တာတခြား.. ရေးတာတခြားဖြစ်နေလို့ပါ......။

ညကျောင်းဒုတိယနှစ်ဝက်မှာ ကျွန်တော်ယဉ်ကျေးမှုတက္ကသိုလ်စတက်နေပါပြီ....။
ဒါပေမယ့်.... ညကျောင်းကတော့ ရောက်အောင်သွားတက်ဖြစ်ပါတယ်..။
ဒဂုံတောင်က ပြန်ရတော့ ကျောင်းတက်မမှန်တာ့ပါဘူး....။
တစ်ချိန်တည်းမှာပဲ... ဦးကျော်သောင်းအိမ်မှာ ပန်းချီနဲ့ပတ်သက်တာတွေ ၀ိုင်းလုပ်ပေးရတယ်...။
ကိုသန်းဦး(သူ့သူငယ်ချင်းတွေက ကျီးကန်းလို့ခေါ်တယ်နဲ့တူတယ်)က ဘောင်သွင်းတာတွေ...
လုပ်တော့ သူ့ကိုကူညီပေးခဲ့ရတယ်....။ ပိတ်ညှပ် ပိတ်ကပ် ကော်ပတ်စား ဆေးသုတ်အလုပ်တွေနဲ့
ပန်းချီဆရာဖြစ်ဖို့ ဘ၀စခဲ့ရတာ လွမ်းစရာပါပဲ....။

ညကျောင်းသာဘ၀ကို အချုပ်အားဖြင့်ဆိုရရင်... ကျွန်တော်ပန်းချီဆရာဖြစ်ဖို့....
ဖန်တီးခဲ့တဲ့အဓိကအရာလို့ဆိုနိုင်ပါတယ်...။
ပန်းချီကို ညကျောင်းမှာမသင်ဖြစ်ခဲ့ရင်.. အခုကျွန်တော်ကလည်း... ဒီနေရာမှာရှိနေမှာမဟုတ်ပါဘူး..။
ပညာသင်ပေးခဲ့တဲ့ ဆရာတွေ..အပါအ၀င် မြင်ကြားခဲ့ရတဲ့ ဆရာအသီးသီးရဲ့ကျေးဇူးက တကယ်ကို....
ကြီးမားလှပါတယ်..... ။

(ပန်းချီအလုပ်သင်ဘ၀ကို ဆက်ရေးပါမည်..။)

Posted by: အောင်စည်သူလှိုင်

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း အပိုင်း(၂)


ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာဟာဘာလဲလို့ သိလိုက်ရချိန်ဟာ ပန်းချီပန်းပုကျောင်းစရောက်လာခဲ့တဲ့အချိန်မှာပေါ့။ တကယ်တော့ ပန်းချီရေးဖြစ်တယ်ဆိုတာ အခြားအကြောင်းအရာတွေထက် အဓိကကျတာက ကိုယ်ကိုယ်တိုင်က နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို ကြိုက်လို့ပါ။ကံကြမ္မာက အံ့သြဖို့တော့ အကောင်းသား။ ကျောင်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာအောင်ကို တွန်းပို့ခဲ့တယ်လို့ထင်ရတယ်။

ပထမနှစ်သင်ခန်းစာက တဖြည်းဖြည်းနဲ့ အသွေးနုရင့်အကြောင်း၊ နီးဝေးမြင်စနစ်အကြောင်းတွေကိုရောက်လာချိန်မှာ လူလည်း ပုံမှန်ထက်ပိုပြီးတော့ ပန်းချီကိုရေးဖြစ်နေဘီ။ ညကျောင်းက ၆နာရီခွဲဆိုပြီးပေမယ့် ပုံရေးကောင်းရင်ကောင်းသလို ၈နာရီလောက်အထိ ရေးဖြစ်တယ်။ ညကျောင်းတက်တုန်းကသူတွေထဲမှာ နေ့ကျောင်းတက်ဖြစ်တာ ကိုထွေးခိုင်လို့ထင်တယ်။ သူလည်း ၁၀တန်းအောင်ပြီးလို့ အဝေးသင်ဒုတိယနှစ်လား၊ ကျောင်းပီးသွားပီးလားတော့ မမှတ်မိတော့ဘူး။ အတူတူ လမ်းလျှောက်ပြန်ဖြစ်တဲ့သူတွေလည်းရှိတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။ ရေခဲဆိုင်ကနေ ကန်တော်ကြီးပတ်လမ်းအတိုင်းလမ်းလျှောက်ပြန်တာ၊ ဖိုးစိန်လမ်းထိပ် လက်ဘက်ရည်ဆိုင်က ကောင်လေးတစ်ယောက်နဲ့  ပြန်ရင်းစကားပြောဖြစ်တာတွေ မှတ်မိသေးတယ်။

ကျောင်းစတက်တော့ လူကအတော်များပါတယ်။ အချိန်နည်းနည်းကြာလာချိန်မှာ တဖြည်းဖြည်းနဲ့ ပုံမှန်ကျောင်းတက်သူတွေနည်းလာတယ်။ တကယ်တော့ ညကျောင်းဆိုတာ အလုပ်တဖက်နဲ့၊ ကျောင်းတဖက်နဲ့ လာတက်သူတွေက အများသားဆိုတော့ အခြေအနေက ဒီလိုဘဲဖြစ်မှာပါဘဲ။ ပထမနှစ်အခန်းက ကျောင်းကိုဝင်ဝင်ခြင်း ညာဘက်မှာပါ။ အတွင်းကရော အပြင်ဘက်ကပါ ၀င်လို့ရတယ်။ နေ့ကျောင်းပထမနှစ်မှာ ဆရာကျော်သူရိန်နဲ့ ဆရာဦးအောင်ဘတို့ နှစ်ယောက်သင်တာပါ။ ဒါပေမယ့် ဆရာဘလည်း ညဘက်တွေပုံရေးဖြစ်ရင် အဆင်ပြေသလို ရှင်းပြ သင်ပြပေးပါတယ်။ ကျောင်းမှာလေ့ကျင့်လိုက် အိမ်မှာလေ့ကျင့်လိုက်နဲ့ ပန်းချီပညာသင်ဘ၀မှာ ပန်းချီအရေးဆုံးအချိန်ဟာ ပန်းချီပန်းပုညကျောင်းတက်ခဲ့တဲ့ အချိန်ဘဲဆိုတာ သေချာပါတယ်။

ညကျောင်းဒုတိယနှစ်ကို ဆရာဦးဝင်းတင့်၊ တတိယနှစ်ကို ဦးသိန်းစိုးတို့သင်ကြပါတယ်။ အပေါ်ထပ်က ကျောင်းအုပ်ကြီးဦးစိုးတင့်ရဲ့ အသံတွေကလည်း မကြာခဏကြားရတယ်။ အောင်ငွေရေ...လို့ အော်ရင် ညကျောင်းသားတွေနဲ့အတူ ပုံလာရေးတတ်တဲ့ နေ့ကျောင်းသားအောင်ငွေက လာပါဘီလို့ အော်ရင်း ပြေးတက်သွားတာတွေလည်းမှတ်မိသေးတယ်။ ညဘက်မီးတထိန်ထိန်နဲ့ရေးခဲ့ရတဲ့ စွဲမက်ဖွယ်အရသာက ပန်းချီအလုပ်ကိုဘဲလုပ်တတ်တဲ့ လူဖြစ်အောင်တွန်းပို့ခဲ့တယ်လို့ထင်တယ်။ အိမ်မှာဆိုလည်း ည၁နာရီ၊ ၂နာရီအထိ လူရှင်းတဲ့အိမ်အပြင်မှာထိုင်ရင်းလေ့ကျင့်ဖြစ်တာ နေမကောင်းဖြစ်တဲ့အထိဘဲ။

ပထမနှစ်အခန်းထဲဝင်လိုက်ရင် အမည်းရောင်ကျောက်သင်ပုန်းရှိတယ် ပန်းချီထိုင်ရေးတဲ့ခုံတွေချထားတယ်။ အခန်ပုံစံက ထောင့်မှန်ပုံရှိတယ်။ ကျောက်သင်ပုန်းရှေ့ကခုံမှာ ရေးရမယ့် အိုးခွက်ပုလင်းတွေ တင်ထားတယ်။ အခန်းဘယ်ဘက်အခြမ်းမှာ ဆရာတွေထိုင်တဲ့ စားပွဲတွေရှိတယ်။ အဲဒီစားပွဲမှာ ဆရာဘ ပုံရေးနေတာတွေ မှတ်မိသေးတယ်။ ကြည်ပေါက်တဲ့ ပစ္စည်းတွေကို ဘယ်လိုရေးရတယ်ဆိုတာ လက်တွေ့ရေးပြရင်းရှင်းပြခဲ့ဖူးတယ်။ ကြည်ပေါက်တဲ့ပစ္စည်းမှာလည်း ထုထည်ရှိပုံ အရှေ့အနောက်ဖောက်မြင်ရပေမယ့် အလွှာအထပ်ထပ်ရှိပုံတွေ ရှင်းပြလို့နားလည်ခဲ့ရဖူးတယ်။


ညဘက်ပစ္စည်းတွေကို ကြည့်ရေးရင်းရတဲ့အကျိုးက အရာဝတ္ထုတွေကို ထုထည်အားကောင်းကောင်း အလင်းအမှောင်အားကောင်းကောင်းနဲ့ မြင်တွေ့ ရေးဆွဲရတာဘဲ။ အလင်းအခြမ်း အမှောင်အခြမ်းကွဲကွဲပြားပြား မြင်ရတယ်။ အလင်းရဲ့ဂုဏ် အမှောင်ရဲ့ဂုဏ်ကို အများကြီးနားလည်ခွင့်ရခဲ့တယ်။ ပန်းချီဆိုတာ အလင်းကြောင့်ဖြစ်လာတဲ့ မြင်ခြင်းဆိုင်ရာအနုပညာမဟုတ်လား။ အလင်းတန်ဖိုးအလိုက် ပြောင်းလဲနေတဲ့ အရောင်တွေ၊ အရောင်တွေကနေ ခံစားမှုတွေ။ အလင်းကြောင့်ပြောင်းလဲသွားတဲ့ ပုံသဏ္ဍာန်တွေ၊ ပျက်ယွင်းမှု ဖြစ်တည်မှုတွေ။ ဒါတွေကို ခံစားနားလည်ဖို့ အခြေခံကို ညကျောင်းက ကျေးဇူးပြုခဲ့တယ်။

ပန်းချီပညာဆိုတာ စပေါ်ခဲ့တဲ့ ဟိုးနံရံပန်းချီကနေပြီး အခုခေတ်အချိန်အထိ သတ်သတ်မှတ်မှတ်ခွဲခြားလို့ရခဲ့တယ်။ ရှေးလူတွေ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ အမွေအနှစ်တွေထဲက ရှားရှားပါးပါးကျန်ရှိနေတဲ့ မြတ်နိုးဖွယ် အတတ်ပညာတစ်မျိုးပါဘဲ။ ဘယ်လိုဟန်မျိုးနဲ့ဘဲရေးရေး ပန်းချီကားဟာ ပန်းချီကားပါပဲ။ အရမ်းကိုရိုးရှင်းပြီး ကျွန်တော်အတွက်တော့ မြတ်နိုးစရာပါဘဲ။

Posted by: အောင်စည်သူလှိုင်

ကျွန်တော်နှင့် ပန်းချီပန်းပုညကျောင်း၊ အပိုင်း(၁)

ကျွန်တော် ၁၉၉၅မှာ ၁၀တန်းအောင်တော့ တက္ကသိုလ်တွေက ချက်ချင်းမတက်ရသေးဘူး။ စောင့်ရမှာဆိုတော့ အားနေတယ်။ အဲ့ဒီမှာ အစ်ကိုဝမ်းကွဲတစ်ယောက်က ပန်းချီကျောင်း တက်မလားဆိုပီး လာပြောတယ်။ ပန်းချီနဲ့ထိတွေ့ဘူးတာ၊ အမှတ်တရဖြစ်တာတွေရှိခဲ့ပေမယ့် ဒါက ဘ၀တစ်ခုလုံးအတွက်လို့ အဲဒီအချိန်တုန်းက တစ်ခါမှကို မတွေးမိခဲ့ပါဘူး။ ဒီအတိုင်းဘဲ ပေါ့ပေါ့ပါးပါး တက်မယ်ပေါ့။ ဒါနဲ့ ကျောင်းအပ်ဖြစ်တက်ဖြစ်ခဲ့တယ်ဆိုပါတော့။


 ကျောင်းလခက မှတ်မှတ်ရရတစ်လ၅၀ကျပ်။ ၄နာရီခွဲလောက်ကနေ ၆နာရီခွဲအထိ ဆိုပေမယ့်ပြန်ချင်တဲ့အချိန်ပြန်လို့ရတာပါဘဲ။ တစ်ပတ်ကို ၃ရက်တက်ရတယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာပေါ့။ အသက်ရော ပညာအရည်အချင်းရော ကန့်သတ်မထားလို့ အရွယ်စုံ လူစုံတွေ့ရတာဘဲ။ ကျောင်းစတက်တော့ နည်းနည်းနောက်ကျနေပီလို့ထင်တာဘဲ။ သြဂုတ်လလို့ထင်တယ်။ ဇွန်လကတည်းက ကျောင်းဖွင့်ထားလို့ ၂လကျော်လောက်နောက်ကျနေဘီ။
 မျဉ်ကြောင်းတွေစခြစ်ရတယ်။ သိပ်မကြာပါဘူး အရှေ့မှာ ချထားတဲ့ပစ္စည်းတွေကို တိုင်းပီးရေးရတော့တာပါဘဲ။ သင်တာက ဆရာကျော်သူရိန်ပါ။ ပန်းချီကိုစနစ်တကျနဲ့ သင်ပေးခဲ့တဲ့ ပထမဦးဆုံးဆရာပါဘဲ။



ရှင်းရှင်းပြောရရင် ပန်းချီဆိုတာ ရုပ်ပြစာအုပ်လောက်ဘဲသိတယ်။ လမ်းဘေးမှာတွေ့တွေ့နေတဲ့ ဓါးခြစ်ပန်းချီလောက်ကို ပန်းချီလို့ထင်ခဲ့တဲ့သူပါ။ တက်ဖြစ်ခဲ့တဲ့ အကြောင်းတစ်ခုကလည်း ရုပ်ပြတွေကို ကူးရေးချင်တာဘဲ။ မြိတ်ဝင်းထိန်တို့၊ စိုင်းလားရှိုးတို့၊ ကျော်အောင်မော်တို့လို ရုပ်ပြစာအုပ်ထဲက အရုပ်လှလှလေးတွေ ရေးတတ်ချင်တာပါ။ ပန်းချီကားဆိုတာ ကြားဖူးရုံရှိတာ လုံးလုံးကိုမတွေ့ဘူးတာ။
ကျောင်းမှာ ၉တန်းတုန်းက ပန်းချီသင်ပေမယ့် သိတဲ့အတိုင်း စာသင်ချိန်တွေဖဲ့ဖဲ့ယူသွားတာ ဘာမှကိုမကျန်ဘူး ပန်းချီသင်ချိန်က။

တကယ်တော့ အတတ်ပညာတစ်ခုကို စနစ်တကျနဲ့ သင်ယူသင့်တယ်ဆိုတာ အဲ့ဒီတုန်းကတော့မသိပါဘူး။ ဆရာကဒါရေးဆိုရေးပေါ့။ ခဲတံကိုထောင်လိုက် လဲလိုက်နဲ့တိုင်းလိုက် စာရွက်ပေါ်မှာမှတ်လိုက်နဲ့ အချိန်တော်တော်လေးကိုယူပီးတော့ တိုင်းရေးရတယ်။ ဒါပေမယ့် ထွက်လာတဲ့ပုံက တလွဲ။ ကြီးလိုက် သေးလိုက်။ ပြန်တိုင်းလိုက် ပြန်ရေးလိုက်ပဲပေါ့။ အခြေခံပန်းချီဆိုတာက သင်ဖူးတဲ့သူတိုင်းသိပါတယ် အောက်ခြေမျဉ်းကို အရင်ရေး။ ပြီးရင် အမြင့်မျဉ်းထည့်။ ရေးမယ့်အရာဝတ္ထုရဲ့ အမြင့်တွေကိုတိုင်း။ ပြီးရင် အကျယ်ကိုတိုင်း။ မျဉ်းကြောင်းတွေဆက်ရင် ပုံပေါ်လာတာပေါ့။ အခုပြောနေတာလွယ်တာ။ စရေးတုန်းကဆို ပုံကအချိုးကမမှန်။ အဝေးကနေတိုင်းရေးတော့ စာရွက်ထဲမှာ သေးသေးလေးဘဲပေါ်။ တကယ်ကို အခက်တွေ့ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ဘာမှန်းညာမှန်းမသိပါဘူး။ တိုင်းဆိုတိုင်း ရေးဆိုရေးဘဲ။ နောက်ပိုင်း ထဲထဲဝင်ဝင်ဆက်လုပ်ဖြစ်မှ ဘာလဲ၊ ဘာကြောင့်လေ့ကျင့်ရလည်းဆိုတာ နားလည်လာတယ်။

ရေးရတာ အဆင်မပြေတိုင်း ဆရာကျော်ကို ရေးပြပါဦးဆိုတာ ဘယ်နှစ်ကြိမ်မှန်းမသိပါဘူး။ အခုတရေးရေးနဲ့ပေါ်လာတာက ဆရာကျော်ရေးပြခဲ့တာက အခြေခံသင်ရိုးအတိုင်းဘဲ အောက်ခြေမျဉ်း၊ အမြင့်မျဉ်း၊ အရာဝတ္ထုရဲ့အမြင့်တွေရှာ၊ အကျယ်မျဉ်းတွေရှာ ရှာထားတဲ့အမှတ်တွေကိုဆက်။ ဘယ်နှစ်ကြိမ်မေးမေး ဒီအဆင့်အတိုင်းရေးပြခဲ့တာကို အခုထိ အမှတ်ရမိတယ်။ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် အဲ့ဒီအဆင့်တွေကို ထပ်ခါတလဲလဲ မြင်ခဲ့ရတဲ့ကျေးဇူးက ကိုယ်ကိုယ်တိုင်ပြန်လေ့ကျင့်တဲ့အခါ အဆင့်မကျော်မိတော့ဘူး။ ဒီအဆင့်အတိုင်းကိုအတိအကျ လေ့ကျင့်မိတော့တာပေါ့။ မျဉ်းကြောင်းတွေရဲ့တန်ဖိုး၊ တည်နေရာတွေရဲ့တန်ဖိုးကို မှန်မှန်ကန်ကန်လေ့ကျင့်ခွင့်ရခဲ့တယ်။ နောင်တစ်ချိန်မှာ ဒါတွေက အရမ်းကိုအရေးကြီးမှန်းမသိခဲ့ဘူး။

Posted by: အောင်စည်သူလှိုင်

Friday, May 2, 2014

ပန်းချီအနုပညာ Application လေးပါ










ပန်းချီအနုပညာ ၀ါသနာပါသူများအတွက် ရှာဖွေတွေ့ရှိလို့ရတဲ့ လင့်လေးတွေကို စုစည်းပြီး အသုံးပြုရလွယ်အောင် လုပ်ပေးထားတာပါ။

Download link 1
https://www.dropbox.com/s/vydezcyh5adpx9e/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AE%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC.apk

Download link 2
http://www.mediafire.com/download/m767b6ribarhddb/ပန်းချီအနုပညာ.apk

Download Link3
https://play.google.com/store/apps/details?id=com.saimgmg.visualart

Friday, January 17, 2014

နေဇော်၏ "ရောင်စုံဖယောင်းများနှင့် နေဇော်" တစ်ကိုယ်တော် ပန်းချီပြပွဲ



၁၈-၁-၂၀၁၄ ရက်နေ့တွင် သီရိပန်းချီပြခန်း(မန္တလေး) မှာ ပြသမှာ ဖြစ်ပါတယ်။ ပန်းချီအနုပညာစိတ်ဝင်စားသူမည်သူမဆို သွားရောက်ကြည့်ရှု့နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ဗျာ။


Monday, November 11, 2013

ပန်းချီအောင်မြတ်ဌေးရဲ့ပန်းချီနှင့်အနုပညာအကြောင်း ဆွေးနွေးကြည့်ခြင်း(၁)

ပန်းချီအနုပညာအကြောင်း ဆွေးနွေးကြည့်ခြင်း......

မြို့ပြလူမှုနဲ့ ခေတ်ပြိုင်အနုပညာရဲ့`နေရာ´...ဆိုတဲ့ခေါင်းစဉ်နဲ့ လှိုင်းသစ်(စာပေအနုပညာ)မဂ္ဂဇင်း သြဂုတ်လမှာ ရေးသားခဲ့တဲ့ ဆောင်းပါးပါ။ အနုပညာဝေဖန်ရေးဆိုတဲ့အခန်းမှာထည့်ထားပေမယ့်...ကျွန်တော်ရည်ရွယ်တာကတော့ အနုပညာရေးရာဆွေးနွေးချက်(သို့) ကြေညာစာတမ်းတစ်ခုပါ...ဝေဖန်ဖို့တော့မဟုတ်ပါ။... ငါသိထားတာတွေနဲ့ မကိုက်ညီရင် ငါ့ဝေဖန်တာပဲလို့အထင်ရှိသူတွေကိုတော့ ဘာမှမတတ်နိုင်.....။ တကယ်တော့.....ပန်းချီရေးတာကိုဝေဖန်တာမဟုတ်၊
ပန်းချီအရောင်းဝယ်ကိုလည်းဝေဖန်တာမဟုတ်၊ ကြိုက်လို့သိမ်းထားချင်သူတွေကိုလည်း ဘာမှမပြောလို.....။ အနုပညာဖန်တီးနေသူတွေအားလုံးမှာ တူညီတဲ့ ဘုံအာသီသရှိပါတယ်.... ကျွန်တော်ဆိုလိုတဲ့ တကယ့်ဆိုလိုချက်ကို ရနိုင်ကြပါစေခင်ဗျား.....။

(၁)
အနုပညာဟာ တန်ဖိုးအဆင့်အတန်း သတ်သတ်မှတ်မှတ်ရှိတဲ့အရာတစ်ခုပါ..အဲဒီလိုပဲ ပန်းချီဆိုတာကိုလည်း ရှေးကထဲက အဆင့်တန်းတန်ဖိုးတစ်ခု အသိမှတ်ပြုလက်ခံခဲ့ကြပီးသားပါ..သမိုင်းအဆက်ဆက်မှာ ခေတ်ကာလအခြေအနေအလိုက် ဘာသာရေးဖော်ကျုးမှု၊ လက်မှုပညာရပ်တစ်ခုအဖြစ်သော်လည်းကောင်း၊ စိတ်ခံစားမှုဖေါ်ထုတ်ခြင်းသော်လည်းကောင်း၊ ၀ါဒဖြန့်ကြော်ငြာထိုးခြင်းဆန်ဆန်သော်လည်းကောင်း၊
မိမိတို့ရေမြေနှင့်ဟန်ပန်အမူယာလူနေမှုတွေကို ဖော်ကျူးရေးခြယ်ခြင်းသော်လည်းကောင်း၊ ၊ တန်းဖိုးထားလက်ခံကြသော မြတ်နိုးသူအချိုတို့စုစောင်းစရာ၊ ခံစားစရာသမိုင်းမှတ်တမ်းများအဖြစ်သော်လည်းကောင်း၊ဥာဏ်ပညာ အတွေးခေါ်ကွန့်မြူးရာအဖြစ်သော်လည်းကောင်း၊ အမျိုးမျိုးဖြတ်သန်းပေါ်ပေါက်ယင်း နေရာများ တန်းဖိုးများ ကွဲပြားများပြားခဲ့ကြပြီးဖြစ်ပါတယ်။  ဒီလိုပဲ တနေရာတစ်ဆင့်ဆင့်မှာ ပျော်မွေ့ရှင်သန်ယင်း၊
ပရိုဖက်ရှင်နယ် (ကျွမ်းကျင်သူအတတ်ပညာရှင်)အဖြစ်ရပ်တည်နေနိုင်သူတွေလည်း သူတို့ဘ၀သူတို့ရွေးချယ်ကြတဲ့ အနုပညာရှင်တွေလို့ပဲဆိုရမှာပါပဲ။.... သို့ပေမယ့်...

ဒီကနေ့ ပန်းချီပညာကို ယခင်အဆက်ဆက် လက်ခံစွဲမြဲသိရှိနားလည်ခဲ့ကြတဲ့ သတ်မှတ်နေရာ၊ အဆင့်တန်းတစ်ခုခုကို (အမျိုးမျိုးသော အကြောင်းတွေကြောင့်)ပြောင်းလဲပစ်ဖို့၊ ချဲ့ထွင်နိုင်ဖို့သို့မဟုတ် ယဉ်ကျေးမှု စံနှုန်းအသစ်များ ထွန်းကားဖို့ ခေတ်အခြေနေအရ ဖြစ်လာပါပြီ၊ လိုလဲလိုအပ်လာပြီထင်ပါတယ်....ဒီလိုကြံဆောင်ကြရာမှာ.. ယခင်ရှိပြီးစံနှုန်းများ သတ်မှတ်ချက်များကို သွေဖီကြရတာတွေရှိ
သလို အခြေခံ တူညီနေတာတွေကိုလက်ခံရတာတွေရှိပါတယ်။... ဒီနေရာမှာ (ပန်းချီရေးခြင်းအပါအ၀င်) အနုပညာဖန်တီးမှု ဆိုတဲ့ အသုံးနှုန်းဟာ အတော်ကို ယေဘူယျဆန်ပါလာတယ်... ဘယ်လောက်ဆန်လဲဆိုရင် ဘုရားပွဲမှာ မျောက်လွှဲကျော် အနုပညာပဒေသာကပွဲ ဆိုပြီးတောင် အနုပညာ ဆိုတာလေးပါမှ လူတွေနှစ်ခြိုက်ကြပုံပါပဲ။ နောက်ပီး အနုပညာကို ခေတ်အခြေနေလိုအပ်ချက်အရ ပေါ်ပင်နိုင်ငံရေး လူမှုရေး စသည်တွေမှာ တံဆိပ်အခွဲများတပ်ပြီးလည်းလုပ်လာကြပါတယ်။ ဒီအထဲ (အနုပညာဆိုတာ
အနာပြင်ညုပေါ့ဗျာဆိုပီး နောက်ပြောင်နေဆဲလူတွေလဲ ရှိနေသေး) ဒီတော့ အများလိုဒီစကားလုံးကိုပဲ သုံးရမယ်ဆိုရင်တော့ ကွဲကွဲပြားပြားဖြစ်ဖို့တိတိကျကျ ဆိုလိုချက်လိုလာပါလိမ့်မယ်...။

ဒီနေရာမှာ တစ်ချို့ ပန်းချီဆရာတွေပန်းချီကို လုံးလုံးကျောခိုင်းတယ်လို့ဆိုတာမျိုးဥပမာပေးရရင်... သူတို့ဟာ စကားလုံးပိမှာစိုးတာပါပဲ...ပန်းချီလို့ဆိုတာနဲ့ပုံဆွဲပညာ၊ အဆင်အပြင်၊ အလှအပ၊ ..လို့စသည်..အရင်လက်ခံကြပီးသားရှေးရိုးစည်းမျဉ်းအခြေခံစံနှုန်းတွေနောက်
လိုက်ရတော့မှာပဲ ဆိုတာဖန်တီးသူရော ကြည့်သူပါ နားလည်နေကြတယ်... ဒါကြောင့် စကားလုံးရော အခြေခံလိုအပ်ချက်တွေပါ ပယ်လိုက်ကြပုံပါပဲ.. (မုန်းလို့...မချစ်လို့ မဟုတ်ရပါဘူး...)သံသောဇဉ်အမျှင်ကိုဖြတ်လိုက်တာမျိုးပဲဆိုရမလား...ဘုရင့်နောင် ဖေါင်ဖျက်တယ်လို့ပဲ
ဆိုရမလား ပါပဲ....။ (ညှိနေတဲ့ သံယောဇဉ်ကိုမဖြတ်ပဲ နောက်ထပ်ခရီးလမ်း ဆက်လို့ရနိုင်မှာမဟုတ်လို့လို့ ထင်ပါတယ်)ဒီတော့ ပယ်မဲ့ပယ် အားလုံးပယ်လိုက်ကြပုံပါပဲ.. ဒါမှန်တယ်လို့တစ်ဖက်သတ်မပြောလိုပါဘူး..သူဟာသူကိုယ်ပိုင်ရွေးချယ်တဲ့နည်းတစ်ခုပေါ့...
ဘာလို့လဲဆိုတော့ ဥပမာကောင်းတွေများစွာရှိလို့ပါပဲ...ဆက်ပီးပြောပြပါမယ်။  ဒီတော့ကာ... အနုပညာတစ်ခုခုဖန်တီးသူဟာ အနှောင်ဖွဲ့တွေ စည်းမျဉ်းတွေ ၀ါဒတွေကိုမုန်းပါတယ်....ဒါအားလုံးတူတဲ့ အချက်တစ်ခုပါပဲ.. မတူတာက ရည်ရွယ်ချက်ပါ။
နောက်ပီး ခေါင်းစဉ်တစ်ခုခုအောက်၊ စေခိုင်းချက်တစ်ခုခုအောက်၊ သူများနောက်မီးဆွဲလိုမျိုး နာမည်ကြီးသူနောက်၊ မျက်နှာကြီးသူနောက် အများအထင်ကြီးစေတဲ့ ဘယ်လိုအောက်တွေမှာမှမနေချင်သူတွေပါ.....(ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ချွင်းချက်ပေါ့လေ တာဝန်ဆိုတော့) ဒီတော့.. အရင်ဘယ်သူရေးသွားတဲ့ဟန်... အရင်ဘယ်နိုင်ငံရဲ့ ပန်းချီဟန်လိုမျိုး၊ စသဖြင့်လည်း မတူချင်သူတွေပါ။ (တူချင်သူတွေကတော့...ချွင်းချက်ဟုမှတ်ပါလေ)
... ဒီတော့ မေးခွန်းများစွာဖြစ်လာပါတယ်...ဘယ်လိုမတူတာမျိုးလဲ...။
ဒီလောက်ထိ ဖတ်ပီးရင် ကျနော့်ဆိုလိုချက်နဲ့ ရည်ညွှန်းချက်ကို သိလောက်ပီထင်ပါတယ်.... ဒါဆိုဆက်ပြောကြရအောင်ပါ.....

(၂)ခေါင်းမာကြသူများ..။
တစ်ချို့တွေက လျှာပေါ်မြက်ပေါက် တို့မကြောက်ဆိုပီး...အနုပညာကိုမြတ်နိုးလိုက်ကြပုံကို ပိုပိုကဲကဲပြောကြဖူးတယ်...ခေတ်ပြိုင်အနုပညာတွေကို လုပ်ဖို့ တစ်ချို့ခေါင်းမာနိုင်ကြပါတယ်..ဘယ်လိုများမာသလဲဆိုရင် ဥပမာ..စုတ်တံနဲ့ ဆေးတွေကျောခိုင်းလိုက်ပီဆိုတဲ့နောက်..ကိုယ်တိုင်ဆောက်ထားတဲ့ တိုက်အိမ်လေးကိုတောင် ဆေးမသုတ်ပဲ အင်္ဂတေပြောင် အတိုင်းနေသလိုပေါ့ဗျာ...။ ဒီထက်မာသူတွေလဲရှိသေးတယ်ဗျို..။ လူတကိုယ် စိတ်တစ်မျိုပေကိုး။ တစ်ချို့ခေါင်းမာကြပုံတွေများ
တော့ လှေနံဒါးထစ်သလိုပဲ.. ပန်ချီဆိုတဲ့အနုပညာ တွေက စိတ်ကိုနူးညံ့ကြည်နူးမှုပေးဖို့ သန်တရသပေးဖို့တဲ့ ကြမ်းတမ်းတာတွေ...အော်ဟစ် ရုံ့ရင်းတဲ့ ထိတ်လန့်စရာတွေက အနုပညာမဟုတ်ဖူး ဆိုပဲ..တစ်သတ်မှတ်တာ...ဒါမှဒါဗျ...။ မှန်ပါတယ် ကိုယ်ယူချင်သလိုယူဆပေါ့လေ...။ အပြစ်ရယ်ဆိုဖို့မရှိပေါင်.။ ဒါပေမဲ့ အဲဒီလိုလူတွေခြေချင်းလိမ်ကြတဲ့ပြပွဲပြိုင်ပွဲတွေဆို ခေတ်ပြီုင်ဆိုတာ လှိုင်နေအောင်ကြားရပါတယ်...။ ဒီတော့ မိုးကျရွှေကိုယ် ဝေဖန်ရေးဆရာဆန်ဆန်တွေ၊ စိတ်အား
သန်သူပရိသတ်တွေကလည်း လိုက်ပီး ပြိုင်ကြရတာပေါ့....။ အမှန်တော့ အနုပညာဆိုတာမျိုးက ဘယ်လိုဟာဖြစ်ဖြစ် ကြားကဖြတ်တက်လို့မှ မရတာ..။ မဟုတ်ဘူးလို့ငြင်းချင်သူရှိရင်ပြောပါဗျာ..။ ဒါပေမယ့် ဖြတ်တက်လာတာမျိုး ကြားဖြတ်ဝင်ရောက်လာတာမျိုးတွေကလည်း ထုံးစံပါ....ဒါသဘာဝပဲ..ကျနော်ဆိုလိုတာက ခေတ်နဲ့သမိုင်းကိုပြောတာပါ....။ ဘယ်လိုလဲဆိုတော့...သူများတကာ ခေတ်ပြိုင်ဆိုပီးလုပ်ကြသူတွေ ဖြတ်သန်းလာတဲ့ဘ၀အဆက်ဆက်ရှိပါတယ်..။ ကိုယ်စီးတဲ့မြင်း
ကိုတော့ ဘယ်လိုအကောင်ဆိုတာသိသင့်ပါတယ်..သူများပါးစပ်ဖျားမှာ လမ်းဆုံးရတာမျိုးလဲဖြစ်သင့်တာမဟုတ်၊ အနုပညာရှင်က ကိုယ်အလုပ်ကိုယ်လုပ်ကြတာပါ၊ ဘယ်သူ့ကိုမှမှီခို နေချင်သူတွေလဲမဟုတ်ပါ...။ ကိုယ်ဘ၀ကိုတော့ကိုယ် ရွေးချယ်ကြပေမယ့်...ဘယ်သူမှ ကိုယ့်လက်ရာကို ကိုယ်မတည်းဖြတ်ဖူး အမှတ်ပေးကြတာမဟုတ်ဘူးရယ်...ဒါပေမယ့် ခေတ်ကသူ့အလိုတိုင်းတောင်းဆိုတာပါ...ကျနော်ပြောချင်တာတွေ ရှုပ်ကုန်ပီထင်ပါတယ်...ဒီလိုပါ..။

(၃)အနုပညာဟာ ပထမနေရာ။
အမှန်တိုင်းပြောရရင် ကျနော်တို့က အနုပညာဆိုတာ ဘ၀က မလှပေမယ့် သူ့အနုပညာကလှတယ်ဆိုပီးရှေးရိုးစွဲလာကြတာ...ဒါကြောင့် ရုပ်ရှင်ထဲ ပန်းချီဆရာဆို အရင်က စုတ်စုတ်ပြတ်ပြတ်ပုံအမြဲလုပ်ရသတဲ့....။ ဒီတော့ အခုချိန်ထိ အနုပညာဟာ လူ့အသိုင်းဝိုင်းပြင်ပကလိုဟာ ဖြစ်နေခဲ့ရတယ်လေ...။ (သရုပ်ဖေါ်၊ ပိုစတာ ဆိုင်းဘုတ်ပန်းချီတွေကတော့ ချွင်းချက်ပေါ့လေ.) ။ ဒါရိုက်တာ ဦးထွန်းဝေလားမသိ ရိုက်တဲ့ကားမှာတောင် စိတဇဆေးရုံရိုက်ကွင်းအတွက် မိတ်ဆွေပန်းချီဆရာတွေကို
အရူးသရုပ်ဆောင်များအဖြစ် အကူညီတောင်းခဲ့တယ်ဆိုပါတယ်..။ ဒါဟာ ပန်းချီဆရာတွေကို အများသိကြတဲ့ပုံရိပ်ပါပဲ...။ လူတွေက ပန်းချီနဲ့ အနုပညာတွေကို ပညာတစ်ခုအနေနဲ့သတ်မှတ်ကြပီး ရေမြင့်မှကြာတင့်တယ်ဆိုသလို ချမ်းသာမှ၊ ပျော်ရွှင်မှ ကြည်နုးစရာ အလှဆင်စရာတစ်ခုလို့သာမှတ်ခဲ့ကြတာပါ...။ ပြတင်းပေါက်ဆိုဒ်နဲ့တိုင်းပီး ချိတ်ဖို့ပန်းချီကားဝယ်တာမျိုးတောင်ကြားဖူးတယ်...ဒီတော့ အနုပညာဟာ ဒုတိယနေရာရောက်မနေပေးဘူးလား...ထမင်းစားဖို့ကအရင်လေ...
နောက်မှ အလှပကလာတာ များကြတာပါပဲတဲ့...။ ဟုတ်တော့ဟုတ်ပါတယ် အိမ်မှမရှိပဲ ပန်ချီကားချိတ်ချင်လို့က ဖြစ်မှမဖြစ်တာ..ကြမ်းပြင်ပုံပီးထပ်ထားရင်တော့ ရသပေါ့လေ...။  ဒီတော့ ဗမာပြည်က ဘယ်ဘောက်ပဲ ဘိလပ်ပြန်ဆရာကြီးရှိရှိ...ဘယ်လောက်ပဲ ယဉ်ကျေးမှုထွန်းကားပါတယ်ဆိုဆို...ဒီနေ့မှာ မြင်တဲ့အတိုင်းပါပဲခင်ဗျာ....။ နိုင်ငံခြားသားတွေဆိုရင်..အသစ်ထွင်တာတွေ ကြည့်ချင်ရင် တခြားသွား...ဒီအတိုင်း မပြောင်းလဲနှစ်ရှည်လများ အရှိကိုအရှိအတိုင်းထားတာတွေကြည့်
ချင်ရင် ဗမာပြည်သာလာပေတော့ ပါပဲ....(အများအားဖြင့်ပြောပါတယ်)။ ကျနော် ရှေးဟောင်းအမွေနှစ်တွေ... လက်မှုပညာလေးတွေ၊ လက်ဆောင်အဖြစ်ရောင်းတဲ့ ပုံကားချပ်လေးတွေကိုချစ်ပါတယ် ဒါကတစ်ခြားပါ...။ ကျနော်တို့ ရည်ရွယ်တာက အနုပညာဟာ ပထမနေရာပါ... ချိတ်ဖို့အဆောက်ဦးပီးမှ စဉ်းစားခံရတဲ့ နေရာမဟုတ် မဆောက်ခင်ဦးဆောင်လမ်းညွှန်မယ့်နေရာမျိုးပါ... စီမံချက်စရေးတဲ့အချိန်မျိုးကနေရာပါ..ကြီးကြီးကျယ်ကျယ်ဆိုလေတယ်လို့ထင်မှထင်ရော.....အဲလိုပါ။
ဒါကြောင့်လဲ ခေါင်းမာတဲ့အကြောင်းပြောရတာပါ...(ကျနော်တော့ မမာနိုင်သေးဘူးရယ်)။  ဒီနေရာမှာ အများလက်ခံတာပဲလုပ်မယ်ဆိုရင်တော့သဘောပေါ့ခင်ဗျာ...။ လက်မှုကျွမ်းကျင်တာဟာလည်း မက်မောစရာပေကိုး...။ ကျနော်ဆိုချင်တာက...အနုပညာနွယ်သော ဖန်တီးမှုတွေဟာ နိုင်ငံဖွင့်ဖြိုးလာမှတင့်တယ်ရမယ့်နေရာမဟုတ်.. အနုပညာအားဖြင့်ဖွံ့ဖြိုးမှုကြံဆောင်ကြဖို့ပါ.... ဘယ်လိုလုပ်ရမလဲလို့ စောဒကတတ်ချင်သူများ သူများတကာလုပ်နေကြပုံများ ဥပမာရှုနိုင်စရာတွေ
အပုံကြီးပါခင်ဗျာ... အရင်ကတော့ နားမလည်တာတွေပဲ... မရိုးမသားပုံပျက်ပန်းပျက်တွေပဲ... စိတ်ရှုပ်စရာတွေပဲ..စသဖြင့် မျက်နှာလွဲခဲ့ကြပေမင့်...ဒီကနေ့မှာတော့ ဒါတွေကိုကျော်လာပီး... ဘာတွေကဘယ်လိုဆိုတာ နားမလည်နားလည်အောင်...မသိသိအောင်..မမြင်မြင်အောင် ရှင်းပြပြောဆိုဆွေးနွေးငြင်းခုန်....အလုပ်ရုံထိပါခေါ်ဆောင်စမ်းသပ်နိုင်နေကြပါဘီ...။ စမ်းသပ်...လို့ သုံးနှုန်းတာကို သတိထားမိကြစေချင်ပါတယ်.. ဘာလို့လဲဆိုတော့ အလုပ်ဖြစ်မှုမဖြစ်မှုနဲ့... လူအများကို
ရိုက်ခတ်နိုင်မှု မရိုက်ခတ်နိုင်မှုဟာ ဒီနေ့ ခေတ်ပြိုင်အနုပညာတွေမှာ...အသေအချာမပြောနိုင်လို့ပါ.... တုန့်ပြန်မှုတွေဟာ အရေးကြီးပါတယ်...လမ်းရိုးကြီးအတိုင်းမဟုတ်လို့ စွန့်စားရတာမျိုးဆန်ဆန်ပါပဲ။


(၄)ရှေးရိုးပန်းချီ။
ကျနော်တို့နိုင်ငံက သူများနိုင်ငံတွေအတိုင်း ကိုယ်ပိုင် ရှေးရိုးပန်းချီရှိပါတယ်....နံရံပန်းချီ၊ ပရပိုက်၊ ပျဉ်ပြား ကင်းဗတ်...စသဖြင့် ဇာတကတွေ၊ မင်းကြိုက်စိုးကြိုက်ခေတ်တွေကစလို့၊ ကျွန်ဘ၀ရောက်တော့ အားလုံးထုံစံအတိုင်း သူတို့နည်းတွေဝင်လာတယ်.... ဗမာတွေ သင်ယူတယ် ရေးဆွဲတယ်.... (သမိုင်းအတိကျတွေသိချင်ရှာဖတ်ပါ အကုန်ရှိပါတယ်)...။ အဖက်ဖက်ပညာရေး လူမှုရေးမှာ အင်္ဂလိပ်ဟန်တွေ သင်ရိုးတွေ ဖြစ်ကုန်ရင်း ပန်းချီကတော့ တခြားဟာတွေလိုမဟုတ် ....ကျွန်ဖြစ်တာပင်ခပ်ကောင်း
ကောင်းပါ...ဘာလို့ဒီလိုပြောရလဲဆိုရင် ကျောင်းတွေရော တကသိုလ်ဆိုတာမှာပါ သူတို့ဟာတွေ(ယူရိုဖီးယန်း နည်း) မြတ်မြတ်နိုးနိုးသင်နေကြဆဲမို့ပါ...ဒါတော့ထား...ကမဘာသုံးဖြစ်နေလို့ပဲဆိုဆို...အမှန်တော့ ဒီမှာ တကသိုလ်အဆင့်ဆိုပီး သင်တဲ့နည်းစနစ်တွေ
ဟာ သူများနိုင်ငံတွေမှာတော့အခြေခံမူလတန်းလောက်တင်ပီးကြတာရယ်ပါ ..ဒီတော့ သူတို့တကသိုလ်မှာဘာတွေသင် ဘာတွေ လုပ်လဲလို့မေးရင် အနီးနားက နိုင်ငံခြားပြန်မာစတာတန်းတတ်ခဲ့သူတွေသာမေးကြည့်ကြပါတော့ဗျာ... နည်းပညာကတခြား ထိုး
ထွင်းမှုကတစ်ခြားပါ၊ တိုတိုပြောရရင် မူလသင်ခဲ့သမျတွေ ပြန်ဖျက်ရတာပဲလို့ဆိုသူလည်းရှိတယ်....သင်တဲ့ကိစတွေ ဘာမှမယ်မယ်ရရလုပ်ရတာမရှိတော့ပဲ... ကိုယ်ပိုင် ရှာဖွေစူးစမ်း ဖော်ထုတ် တီထွင် ထိုးဖောက်ဖို့ စတင်စမ်းသပ် ရာနေရာပါ၊ ပိုမိုကျယ်ပြန့်
သော ကမဘာကြီးဆီကိုဝင်ဖို့ ပြင်ဆင်ရာ... ကိုယ့်ရပ်တည်ရာကို တည်ဆောက်ရာ၊ လူအများရှေ့ဆက်နေထိုင်အသက်ရှင်မှုမှာ ဆန်းသစ်စရာ...နေရာပါ....ဒီထက်ပိုတာတွေလဲရှိဦးမှာပါ..သေချာပါတယ်..ဒီတော့ကာ..တကသိုလ်တွေကထွက်လာတဲ့ လူငယ်တွေဟာ ရှေ့ကနေဦးဆောင်ပီးခေတ်ကို ပုံဖော်ကြ
တာပါ...တာဝန်ကြီးကြီးတွေယူကြရတယ်.. ဘယ်လိုယူကြသလဲဆိုတာဆက်ပြောပါဦးမယ်....နောက် ခေတ်ဟောင်းရှေးရိုးစွဲတွေကိုလဲ ဒီလူတွေပဲ တာဝန်ယူ တော်လှန်ခဲ့ကြတာပါပဲ...ဒီမှာတော့...ကျနော်တို့ကြားဖူးနေကျ..လက်ဆင့်ကမ်းအနုပညာအမွေကို ထမ်းဆောင်ရေး...ဆိုတဲ့ ဦးတည်ချက်ကနေစပြီး ကျနော်တို့ဦးနှောက်ထောင်ကျခဲ့ကြရတာပါ...ဦးတည်ချက်ကောင်းပေမယ့် လက်ဆင့်ကမ်းခြင်း နားလည်မှုမရှင်းလင်းခဲ့တော့.. အရင်ကလုပ်ခဲ့သလိုလိုမှမလုပ်ရင် ကျောင်းပဲထုတ်ခံရတော့
မလိုလိုပဲ...(အနုပညာကျောင်းထွက်တွေသိပါတယ်).။ လမ်းရိုးဆိုရာမှာ...အရင်ကသိခဲ့ကြတဲ့ မြန်မာပြည်ကပြပွဲပုံစံတွေကိုပြန်စဉ်းစားကြည့်တော့....ပန်ချီဆရာက ဖြစ်ဖြစ် စပွန်ဆာလုပ်သူကဖြစ်ဖြစ်၊ ၀ါသနာတူသူတွေ စုပြီး ပြခန်းငှားလို့ပဲဖြစ်ဖြစ်၊  ပြခန်းပိုင်ရှင်တွေကလည်း လစဉ်အထူး
အစီစဉ်ဆိုပီး ဖြစ်ဖြစ် ပန်းချီပြပွဲဆိုတာတွေလုပ်ကြတယ်..၊ ဖိတ်စာတွေဝေတယ်...ပထမဆုံးနေ့မှာ တနေကုန်ဧည့်သည်တွေ(၀ယ်မယ့်သူအပါအ၀င်)ကိုစောင့်ရတယ်... သတင်းထောက်တွေစောင့်ရတယ်..ပန်းချီဆရာတွေကတော့ ကိုယ့်ဟန် ကိုယ့်စတိုင် ကိုယ်အကြိုက်
အတိုင်း ရေးဆွဲကြတယ်...သိပ်ပီတိဖြစ်စရာအချိန်ပါ...။ နောက်လမ်းရိုး တစ်ခုက မြန်မာပြည်က ပြတိုက်ဆိုတာကတော့ အဟောင်းတွေစုစည်းရာ...ဖွင့်ကထဲက ခုထိဒီအတိုင်း စိတ်ဝင်စားဖွယ်အစီစဉ်သစ်ဆိုတာလေးများ ခုထိမကြားဖူးပါ..။ နောက် လူအများနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ စာနယ်ဇင်းတွေက
တစ်ဆင့်ဖေါ်ပြခွင့်ရတဲ့ သရုပ်ဖေါ်ပန်းချီ...စတဲ့..ဒီလို လမ်းကြောင်းအမျိုးမျိုးတွေ့ရတယ်.....။ ပန်းချီဆရာတွေ ဒီ့အပြင် ဘာလုပ်နိုင်ခဲ့ကြလို့လဲ...ဒီလောက်တင် အတော်များပြားနေပြီလို့ထင်စရာပါ....။
ဒါပေမယ့် အခုဒီပုံစံတွေနဲ့မဟုတ်ပဲ အခြားပုံစံတွေကို စမ်းသပ်လာကြတယ်...ဘယ်လိုတွေလဲ...ဘာတွေထူးနေသလဲ...။

(၅)နားမလည်မှုအစ။
အရင်ကတော့ ပန်းချီပုံတစ်ခုဟာ ကြည့်လိုက်တာနဲ့ရှင်းခနဲသိနားလည်နိုင်တယ်...ခေတ်တွေကြောင့်ပဲဆိုဆို အနုပညာရှင်တွေတီထွင်ပြောင်းလဲကြလို့ပဲဖြစ်ဖြစ်...အရင်လိုမဟုတ်ပဲ တစ်ခုခုသော လှို့ဝှက်ချက်၊ ဆိုလိုချက်၊ ရေးနည်းတွေတစ်နှစ်ထက်တစ်နှစ်ပြောင်းလာတာနဲ့အမျှ၊ သာမာန်လူထုကို ကျောခိုင်းစပြုလာကြတယ်ဆိုရမှာပါပဲ... သို့ပေမယ့် အလုံးစုံပြောင်းလဲခြင်းမျိုးမဟုတ်ပဲ တစစသာပြောင်းလာတာမို့ ကြည့်သူတွေအနေနဲ့ ကိုယ်စိတ်ကြိုက်ရွေးချယ်လာနိုင်ကြတယ်..။
နားလည်လက်ခံဆဲ ပန်းချီကိုကျောခိုင်းပီး အရိုင်းပန်းချီ ပုံသဏာန်တွေ စတင်ချိုးဖြတ်ရေးဆွဲကြတဲ့ ၁၉၀၅ ခုနှစ်လောက်ကနေ.....ဒြပ်မဲ့ပန်းချီတွေ ပေါ်ပေါက်လာခဲ့တဲ့  ၁၉၅၀ ခုနှစ်အလွန် နဲ့ စိတ်ကူး အယူအဆသစ် (၁၉၇၀ ၀န်းကျင်) ကိုဖန်တီးတဲ့ ယခုထိ
မရပ်နားတော့ပဲ တစ်ရှိန်ထိုးပြောင်းလဲမှုတွေသာ မြင်ကြရပါတော့တယ်....။(နိုင်ငံခြားပန်းချီဆရာအမည်တွေတော့မပြောတော့ပါဘူး)။ (ဒီနေရာမှာ...သိချင်သူများအဖို့...အရိုင်းပန်းချီ ..ဒြပ်မဲ့...စိတ်ကူးအယူအဆအဓိက စတဲ့ စကားလုံးများကို တီးမိခေါက်မိ မရှိသေး
ရင်တော့ လေ့လာသင့်ကြောင်း ကြိုတင်အသိပေးပါရစေခင်ဗျာ..)။ တစ်ချို့ တပ်ဆင်မှုတွေလုပ်ခဲ့ကြတယ်.. ဗီဒီယိုတွေ သုံးတယ်..ကွန်ပြူတာသုံးတယ်...ပြင်ပကအသုံးဆောင်တစ်ချို့ကို ယူငင်သုံးစွဲပီးပြသကြတယ်... ပန်းချီသမိုင်းက စခဲ့တဲ့အတိုင်းအနုပညာရှင်က သိမြင်၊ ခံစားရရှိ လာတဲ့ စေ့ဆော်မှုကို ပုံဖော်တာပါပဲ....၊ အခုလဲ ဘယ်လို ခေတ်ပေါ် အရာတွေပဲ သုံးသုံး ဒီအတိုင်း သိမြင်၊ ခံစားရရှိတဲ့စိတ်ကူးကိုဖန်တီးတာပါပဲ...ဘာကွာလို့လဲ..ဘာမှမကွာဘူးရယ်......။ အဲ...ကွာတာကဘာလဲ
ဆိုတော့..... ခေတ်ပေါ်စက်အသစ်တစ်ခုကို ယူဇာမီနူရယ် (အသုံးပြုအညွှန်း)သေချာမဖတ်နိုင်ရင် ကိုင်တွယ် အသုံးပြုလို့မရတော့သလို.....၊ နည်းပညာ အပြင်အဆင်၊ စိတ်ကူးအချိတ်အဆက်နဲ့ စီစဉ်ဖန်တီးထားတာတစ်ခုကိုလည်း...ဒီလို ယူဇာမီနူရယ်မသိနိုင်ပဲ မကျွမ်းဝင်နိုင်တော့ပါဘူး....။ ဒီထက်ဆိုးတာကတော့ ....အနောက်တိုင်းက ဒါဒါလှုပ်ရှားမှုတွေ အာရှထိပြန့်လာခြင်းရဲ့ ရိုက်ခတ်မှုလို့ဆိုနိုင်တဲ့... အသင့်ပြုလုပ်ပြီး...စက်ရုံထုတ် အသုံးဆောင်တွေကို အမြင်အနေနဲ့
ယူငှင်သုံးစွဲပီး အတွေးခေါ်နဲ့ အယူဆအသစ်တစ်ခုကိုသာ ချပြပြောဆိုတဲ့ အနုပညာမျိုးတွေ အတော်များများမြင်ကြရတယ်... အများအားဖြင့် လူနဲစုရဲ့ လက်ခံမှုပဲရှိတာပါ..။

အနုပညာရှင်တွေဟာ မသိလို့ သံသယရှိတာကို ရှင်းလင်းပြချင်တဲ့စိတ်မျိုးသိပ်မရှိခဲ့ကြဘူးလို့ထင်ပါတယ်.. ဒီတော့ ပြသူနဲ့ ကြည့်သူဆက်သွယ်မှုမှာ လမ်းကြောင်းတွေလွဲလာတာပါပဲ။ ဒါကို အနုပညာရှင်အတော်များများက ဂရုမထားတဲ့အပြင် နားမလည်အောင်တင်ပြခြင်းကလည်း အနုပညာမြောက်ခြင်းပဲ၊
ကြည့်သူက လိုက်မမီပါဘူးဗျာလို့ အားနာနာနဲ့ပြောတာတောင် (ငါကမြင့်နေလို့နေမှာလို့) ကျိတ်ကျေနပ်နေခဲ့ကြတာရှိတယ်ထင်ပါတယ်....။ ဒီတော့ စိတ်ချင်းသိနေသူ အနုပညာရှင်အချင်းချင်းတွေလောက်သာနာလည်မှုပေးကြပေမယ့်၊ အခြားဘယ်သူမှမပါလာကြတာခုထိပါပဲ။ ဒီထဲ ..တစ်ခါက မိတ်ဆွေတစ်ယောက်ပြောပြတာလေးမှတ်မိသေးတယ်.... ပန်းချီကျောင်းဆင်းပွဲတစ်ခုရောက်သွားတယ်.... ပြဖို့ပြင်ဆင်နေကြချိန်တဲ့.... အဲဒီမှာ ခုံတစ်ခုပေါ် သံချောင်းကောက်ကောက်ကြီး
ထောင်ထားတာလေးတစ်ခုတွေ့တယ်...သူက...ဟာ လန်လှချည်လား မော်ဒန်ထင်တယ်လို့ ဆိုတုန်း...နောက်ကနေ နဲနဲဖယ်ပါ..နဲနဲဖယ်ပါဦး ဆိုပြီး၊ ပုံတူပန်းပုရုပ်ခေါင်းပိုင်းကြီးလာစွပ်ချလိုက်သတဲ့။....ဟာဟင်ဖြစ်ခဲ့တယ်ဆိုပါတော့....
ကြာတော့ကြာခဲ့ပါပြီ။  အခုလဲ ခေတ်ပြိုင်လိုဆိုကြပေမယ့် အများအမြင်မှာ အီလည်လည်ကြီးရှိနေဆဲပါ....။ ဒီတော့...ခေတ်ရှေ့ပြေးတဲ့ တစ်ချို့အနုပညာရှင်တွေကတော့ လက်ခံပံ့ပိုးတဲ့ နိုင်ငံတကာပွဲတွေကိုသာ အာရုံစူးစိုက်ထားနိုင်တော့တဲ့အခြေနေဖြစ်လာ
ရပါတယ်...။ ပြည်တွင်းပွဲမရှိတော့သလောက်နဲပါးလာကြရတယ်...။ နေရာစုံကနေ စိတ်ကူးရှာ...မြန်မာပြည်မှာ လူမသိသူမသိအကြမ်းထည်နမူနာလေးလုပ်...အချောထည် တစ်ကယ့်လက်ရာကိုတော့ အကုန်ကျခံ ဖိတ်ခေါ်ကူညီတဲ့နိုင်ငံခြားမှာ ပြုလုပ်တပ်ဆင်
သွားပြကြရတော့တယ်...။ ကဲ ဒီတော့ ဘယ်လောက်စိတ်ကူးကောင်းတယ်ဆိုဆို... ဒါဦးနှောက်ယိုစီးခြင်းပဲ၊ ကိုယ့်နိုင်ငံက ကျောက်မျက်ရိုင်းတုံးတွေ သူများနိုင်ငံမှာ အရောင်တောက်ကြတာပဲ။ ဒီမှာ လောက်လောက်လားလားကြည့်ရှုခံစားနိုင်ဖို့ ဖြစ်မလာပဲရှိတော့တာပေါ့....လို့ ထင်မိပါတယ်။ ဒါပေမယ့် အနုပညာရှင်တွေဘက်က ပြန်ကြည့်ရင်လည်း....ရောင်းချလို့မရနိုင်တဲ့ အနုပညာတွေကို ပံပိုးမှုမပါပဲ ပြသနိုင်ဖို့ဆိုတာလဲ လွယ်တဲ့အခြေနေတစ်ခုမဟုတ်ပါဘူး...စာဝတ်နေရေးကလည်းရှိသေးမို့လား။
တခြားနိုင်ငံတွေလို... နိုင်ငံတော်အဖွဲ့စည်းတွေ၊ ဖောင်ဒေးရှင်းတွေက အသိရှိရှိ၊ ပံ့ပိုးလာဖို့တော့ နောင်အနာဂါတ်မှာပဲ မျှော်လင့်ကြရမှာပါ..။

(၆)အစွဲအလမ်းများ။
လူတစ်ကိုယ်စိတ်တစ်မျိုးမို့လား.... ဒီတော့ သူ့အစွဲလမ်းနဲ့သူပေါ့..... ကျနော် ပန်းချီစသင်တော့ `ရေဆေးမှာ ဟောဒီအစိမ်းလေးကို ငါနဲ့ငါ့ဆရာနှစ်ယောက်ပဲ နိုင်အောင်ရေးနိုင်သကွ´ လို့ သင်တာနဲ့ စတွေ့ပါတယ်...။ ဒီလိုပဲ ပန်းချီကျောင်း၊ အနုပညာတကသိုယ် ခုနှစ်နှစ်လုံး...လှေနံဒါးထစ် ဒါမှဒါပဲသင်ရတာများခဲ့တယ်(သင်တဲ့ဆရာများကို မဝေဖန်ပါ... သင်ရိုးစနစ်ကိုသာပြောလိုတာပါ)၊ သူ့အချိန်နဲ့သူတော့ သင့်တော်ပါတယ်၊(ကျနော်က ပန်းပု ဆိုတော့ ဒါးထစ်ရတာနီးတော့နီးစပ်ပါတယ်လေ..:)။
အစွဲလမ်းဟာ အတော်ဖျောက်ရခက်တဲ့အရာပါ....ကမာပေါ်မှာရှိတဲ့ သက်ရှိအကုန်လုံးဟာ အစွဲလမ်းကြီးကြတာပါပဲ.....။ အဲဒီထဲ အနုပညာသမားဟာ အစွဲလမ်းအကြီးတကာ့အကြီးဆုံးလို့ ထင်တာပါပဲ...။ ဘာလို့လဲဆိုတော့ အစွဲလမ်းတော်ရုံမကြီးတဲ့သူတစ်ယောက် အနုပညာရှင်
မဖြစ်နိုင်ဘူးထင်လို့ပါပဲ....။ သူများထက် စွဲလမ်းလို့ သူများမမြင်တာ သူများမလုပ်တာ၊ သူများမတွေးတာ မြင်နိုင်လုပ်နိုင်တာမို့လား။ နောက် တော်ရုံအတကြီးတာမဟုတ်ပဲ စွဲစွဲလမ်းလမ်းကြီးတတ်တာမျိုးလို့ထင်ပါတယ်....။ တစ်ချို့က ငါ့စတိုင် ငါ့ဟန်ရယ်လို့
စွဲတယ်....တစ်ချို့ကတော့ လူသိလာတဲ့ ကိုယ့် အကြောင်းရာလေးကိုစွဲတယ်....။ စွဲတယ်ဆိုတာ မြဲတယ်လို့လဲ ပြောလို့ရနိုင်တာပါပဲ၊ မြဲတော့ မှတ်မိစေတယ်၊ မှတ်မိတော့ ပရိသတ်(သို့) ၀ယ်ချင်သူမှတ်မိလာမယ်။ ဒီတော့  တကယ်ကြိုက်လို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ စွဲချင်ရင်တော့ စွဲနိုင်ပါတယ်။ စွဲလမ်းပါ။ မက်မောတွယ်တာပါ...ဒါပေမယ့် သေချာတာက စိတ်ဖွင့်မထားတဲ့ စွဲလမ်းခြင်းဟာ မကျွတ်လွတ်နိုင်တဲ့ လှောင်အိမ်တစ်ခုဆိုတာ အမှန်ပဲ....။

(၇)မေးခွန်းအသစ်များ။
မြန်မာပန်းချီသမိုင်းစာအုပ်တွေကို သေသေချာချာစုံစုံစိစိမဖတ်ဘူးပါဘူး... ဒါပေမယ့် ကိုယ်မီခဲ့သလောက် ဖတ်ခဲ့ဖူးသလောက်အခြေနေကနေခုထိ မှန်းကြည့်ရင် ပါးပါးတော့မြင်နိုင်ပါတယ်...ကျနော်ပါးပါးပဲမြင်ချင်ပါတယ်..ထူထူမြင်ရဖို့ မလုပ်တော့ဘူး...ဘာလို့လဲဆို
သိပ်ကိုများလို့ပါ....ကျနော်တို့ရဲ့နောင်တော် ညီတော် ပန်းချီသမားတွေ ခေတ်အဆက်ဆက်မညံ့ခဲ့ကြပါဘူး ညိမ်ညိမ်မနေခဲ့ကြပါဘူး..ဒါတော့သေချာတယ်..။ လေးစားစရာလူတွေ များမှများပါ...။ ဒါပေမယ့် ခုထိမအောင်မြင်သေးတာက မြို့ပြလူထုကိုကိုယ်စားမပြုနိုင်သေးတာပါ...လူနဲစုနဲ့ ပေါ်ပင်လိုက်သူတွေကြား ဗျာများရဆဲမို့ပါ...။ အထက်ကဆိုခဲ့တဲ့ ရှေးရိုးအမြင်တွေနဲ့ဆိုရင်တော့ ဒီတိုင်းသာဆက်သွားနေမှာပါ...ဒီတော့ဘာဖြစ်လဲဆို ဘာမှမဖြစ်ပါဘူး.. ခေတ်ကိုအလျားလိုက်သာဖြတ်ရနေရမှာပါ....။ ဒီနေရာမှာ...
အနုပညာရှင်တွေနဲ့ ပြခန်းတွေကို ဘယ်လိုမှ ဝေဖန်ပြောဆိုလိုခြင်းမရှိပါ....။ ရေးဆွဲသူလဲ ပီတိနဲ့ကျေနပ်၊ ရောင်းသူလဲမြတ်နေကြတာ ဘာမှ ပြောစရာမရှိပါ....။ ဒီတော့ ဘာကိုပြောချင်တာလဲဆိုရင်...သူများတိုင်းပြည်တွေကဘာကြောင့်များ အရူးထပီး ခေတ်ပြိုင်ဆိုတာတွေလုပ်နေကြသလဲ၊ ရောင်းမရတဲ့ဟာတွေက ဘယ်လိုများ ကောင်းနေလို့တုန်း၊ ကျနော့်ထက် သိသူတွေအတော်များများရှိနေပေမယ့် မပြောဖြစ်ကြတဲ့၊ မပြောလိုကြတဲ့..စကားတွေ မေးခွန်းတွေ....ရှိနေမှာပါ...ဘာတွေလဲ။ လူအလာ
နည်းလေ့ရှိတဲ့ ပြတိုက်တွေက မလာချင်လာချင်အောင် ဘာတွေလုပ်နေသလဲ၊ လာတော့ ဘယ်လိုပြသ ဧည့်ခံကြသလဲ၊ ဒါဟာပြတိုက်ပိုက်ဆံရဖို့တစ်ခုထဲလား၊ ဒါတောင်မလာနိုင်ကြသေးတဲ့လူတွေအတွက် သူတို့ရှိရာ နေရာတွေထိ လိုက်လံ ဆွဲဆောင်ဖို့
ဘယ်လို ကြီုးစားနေကြပြန်သလဲ၊ ဘာကြောင့်အရင်သိပီးသားပန်းချီတွေဆိုတာနဲ့ လားလားမှမအပ်စပ်တာတွေ ရှာရှာဖွေဖွေလုပ်နေကြသလဲ....၊ ပြခန်းတွေဆီမလာလို့ ရပ်ကွက်ထဲထိ လိုက်လံမိတ်ဆက်ပေးနေတာဘာကြောင့်လဲ...၊ ဒီနေ့ခေတ်မှာအသစ်ဆန်းပစည်းဆိုရင် နိုင်ငံခြားကဟာမှဆိုတာ ဘာကြောင့် ဖြစ်နေကြရသလဲ၊ သူတို့အရူးထသမျှတွေ ဘာကြောင့် နိုင်ငံတော်ကရော သက်ဆိုင်ရာမြို့အုပ်ချုပ်သူတွေကပါထောက်ပံ့အားပေးနေကြတာလဲ...၊ အနုပညာပဲလုပ်ချင်ပီး ရှေ့မထွက်
လိုတဲ့သူတွေကို ဘယ်လိုပံ့ပိုးကြသလဲ...၊ မထင်မရှားမြို့ရွာရပ်ကွက်လေးတွေကနေ ကျော်ကြားထင်ရှားအောင် ဘာတွေသုံးပီးလုပ်နေကြသလဲ..ကဲ ဖြည်းဖြည်းဆက်လက်လေ့လာရင်း သဘောပေါက်လာပါလိမ့်မယ်....။

(၈)မြင်ဖူးမှယုံချင်ဖွယ်။
ပန်းချီအနုပညာအကြောင်းတွေက ဘယ်သူက ဘယ်လို စကားလုံးအကြီးကြီးတွေ၊ ပညာပိုင်းဆိုင်ရာစကားလုံးတွေ လှိုင်လှိုင်သုံးနေပေမယ့် လူအများစုက ကိုယ်အထွာနဲ့ကိုယ်သာ နားလည် လက်ခံကြတာရယ်....။ ဒီနေရာမှာ နားလည်နဲ့ လက်ခံဆိုတာ ကွဲပြန်ပါသေးတယ်.... လက်ခံပေမယ့် နားမလည်တာ နားလည်နိုင်ပေမယ့် လက်မခံချင်တာတွေရှိနေပါတယ်....။ ဒီတော့ မျက်စိနဲ့တပ်အပ်မြင်ရပါမှ တန်းခနဲသိနိုင်တာမျိုးနဲ့ မြင်နေရတာကို သိအောင်ထပ်ကြိုးစားရတာတွေရှိ
လာပါတယ်....။ ဒီတော့ ပြောချင်တာက ဒီနေ့အနုပညာလမ်းကြောင်းတွေ များလာသလို လက်တွေ့မျက်မြင်အတွေ့အကြုံက သိပ်အရေးကြီးလာပါတယ်.....၊ ခေတ်ပြိုင်ဆိုပေမယ့် လူအများက အားမပေးကြတော့ အားပေးလောက်စရာလည်း လက်ရာကောင်းကောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်မပြနိုင်ဆိုတော့.....ဆက်လက်ဖွင့်ဖြိုးမှုမှာ နှောင့်နှေးနေတယ်ထင်ပါတယ်။ တစ်ခါတစ်ရံကြည့်ခွင့်ကြုံတဲ့ ပြပွဲအချို့က အင်စတော်လေးရှင်းလို၊ ဗီဒီယိုအတ်လို ဟာတွေက ရှင်းရှင်းပြောရရင်အများအားဖြင့်
အမြင်အရ ထူးခြားလှပ အံ့သြစရာမျိုးမရှိ၊ အတွေးခေါ်အရလည်း ဒီလောက်ကြီး နက်နက်နဲနဲအချိတ်ဆက်မိမိအတွေးကမပါ၊ ပါပြန်တော့လဲ ကြည့်သူဆီကိုခပ်ရှင်းရှင်းမရောက်၊ တစ်ချို့ဝေဖန်တာကြားဖူးသလို.... အကြမ်းထည်ပြယုဂ်တွေ သိပ်များတယ်ဆိုတာလို...
အနုပညာ အသိ အတတ် လေ့လာ စူးစမ်းမှုနဲ့ပညာရပ်ပိုင်းဖော်ထုတ်မှုအားနည်းသော လက်ရှိနိုင်ငံ ပညာရေးအခြေနေအရ...။ ဒီတော့ ... ဦးနှောက်ခြောက်စရာ အရုးချေးပန်းတွေ၊ ပေါက်တတ်ကရတွေ၊ လျှောက်လက်ကမြင်းတာတွေရယ်လို့ ထုတ်မပြောသော်လည်း အများကဆိုလာကြတာမဆန်း...။ အနည်းငယ်သော လက်ရာကောင်း စိတ်ကူးကောင်းလက်ရာရှင်တွေ ရှိခဲ့ တွေ့ခဲ့ဖူးပါတယ်၊ အခြေနေအရ နည်းပါးလာခဲ့ပြီ။

(၉)အရသာခံစားမှု အဖြူအမဲ မကွဲပြားခြင်း။
ပန်းချီနှင့်နွယ်သော ဖန်တီးမှုများသာမက အခြား ဂီတ သဘင် ကဗျာ စသည့်အနုပညာအလုပ်တို့တွင် အရသာခံစားမှုနှင့် အတတ်ပညာ နည်းစံနစ်အလုပ်တို့ ပေါင်းစပ်ပါဝင်နေတယ်လို့ ယူဆပါတယ်.... အနုပညာဟာ ဘယ်လိုနယ်ပယ်မှာဖြစ်ဖြစ် ဒီနှစ်ခုကြားမှာ ပြုလုပ်ကြရတာပါ.... အများအားဖြင့်တော့ အလေ့အကျင့် အတတ်ပညာတစ်ခုအဖြစ် စတင်ကြတာများပါတယ်...ဒီတော့ ကျနော့်ဆိုလိုချက်က နည်းပညာပိုင်းက တစ်ဖက် အနုပညာပိုင်းက တစ်ဖက်လို့ထင်ပါတယ်...သို့ပေမယ့်
ကျနော်တို့ လက်ရှိရင်ဆိုင်နေကြရတာတွေက...အနုပညာတွေအပေါ်မှာအများအားဖြင့်နားလည်လက်ခံပုံမှာ...လက်မှုအတတ်နဲ့ အနုပညာဆိုတာကို မကွဲဘူး၊ နုနုညံ့ညံ့လေးလုပ်ရတာတွေကို အနုပညာလို့ထင်နေသူတွေလည်းရှိသေး၊(စကားလုံးနောက်ခိုလိုက်ရင်း)၊ အလေ့အကျင့်ကျွမ်းကျင်မှု(စကေးလ်ဖူး)နဲ့ အတွေ့အကြုံသစ် အရသာကိုမကွဲပြားပါဘူး၊ နည်းစနစ်တကျပြုလုပ်ခြင်းနဲ့ ခံစားမှုစိတ်အလိုကို ကွဲပြားနှိုင်းယှဉ်မတွေးမိဘူး။ ဒီတော့ ဆိုင်းဘုတ်ရေးတာ လဲပန်းချီ၊ ကားနံပါတ်လဲပန်းချီ၊
ဘုန်းကြီးပျံ မဏပ် စပ်ပန်းချီလည်း ပန်းချီပဲ...ရောရောနှောနှောဖြစ်လာပါတယ်....။ ဒီထက်ဆိုးတာက.... လမ်းဘေး ပြိုလဲနေတဲ့ တံတားလေးက အင်စတော်လေးရှင်းလိုပဲ ခံစားမိတယ်ဆိုတာမျိုး၊ ကိုးရိုကားယားဝတ်ထားတဲ့ ယဉ်ယဉ်လေးရုးနေတဲ့လူရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း ပါဖောမင့်လုပ်နေသလို ကြည့်ရတာမိုက်တယ်.....လို့ဆိုတာမျိုး၊ စုံလို့ပါပဲ.... ဖြေရတာ ခွတီးခွကျတွေပါ....။ အဲလို...မကွဲမပြားတွေ တယ်များမှများပါပဲ...။ အကြောင်းနဲ့အကျိုးနဲ့ ရေရေလည်လည် ကွဲကွဲပြားပြား
ဖန်တီးဖို့ လက်ခံနိုင်ဖို့ အများကြီးလိုလာပါတယ်၊ ဒီနေရာမှာ...တစ်ချို့ အရမ်းနုညံ့ခံစားလွယ်ပြီး အရာရာမြင်သမျှကို အနုပညာဆန်စွာ အလှအပအဖြစ်ခံစားတတ်တာမျိုးကတော့ သီးခြားပါ၊ သူ့တကိုယ်ရေ ပုဂလသာဖြစ်ပါတယ်၊ ဒီခံစားမှုမှာ သူ့မနောစိတ်ကလေး ခဏဖြစ်ဖြစ် ပျော်ရွှင်သွားတာလောက်တော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်၊ ဒါပေမယ့် အနုပညာအားဖြင့် လက်တွေ့ကျသော၊ စမ်းသပ်ရှာဖွေမှုပါသော၊ ပါဝင်လှုပ်ရှားနိုင်သော အခြေခံကျကျ လူ့ဘ၀ဆီကို အသုံးချအနုပညာ
အဖြစ် မရောက်လာနိုင်ပါဘူး၊ သီးသန့် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကိုယ့်တစ်ကိုယ်ရေစိတ်ကူးယဉ်မှု ကျေနပ်မှုကို ကိုယ်သာနားလည်ကျေနပ်နေပြီး အများကိုချပြနေသမျှ ဒီလို အဖြူအမဲက ကွဲပြားလာမှာမဟုတ်ပါဘူး။ ဝေးသထက်ဝေးလာစရာပဲ
ရှိပါတယ်...။ ဒီတော့ အရသာခံစားမှု ဆိုတာကို ကွဲကွဲပြားပြားပိုမိုနားလည်သင့်ပြီလို့ထင်ပါတယ်...။ ကျွန်တော်တို့ မိတ်ဆွေ ဆရာတစ်ယောက်ပြောသလို အရသာခံစားမှု မျိုးသုန်းခြင်း ....ဆိုတဲ့ကပ်ဆိုးတော့မဖြစ်စေလိုပါ။

(၁၀)အရိုးဆုံးသည်အဆန်းဆုံးမဖြစ်နိုင်တော့.....
ယခင်က ဘယ်နေရာဘယ်အကြောင်းရာမှာဖြစ်ဖြစ် အမျိုးမျိုးဆန်းသစ်ဖို့ တွေးကြကြံဆကြ ထွင်ကြတဲ့အခါ နောက်ဆုံးအဖြေမပေါ်တော့ တစ်ယောက်ယောက်က၀င်ပြီး....အရိုးဆုံးလေးသာလုပ်စမ်းဘာ ဒါဟာ အမြဲဆန်းသစ်နေမှာပဲလို့ဆိုပြီး မဆန်းကြယ်သော မရှုပ်ထွေးသော... ဒါ့အပြင် ဘာမှလည်း
မယ်မယ်ရရ စိတ်ကူးကောင်းမပါတတ်သော အရာတစ်ခုထွက်လာတတ်ပါတယ်။ ဒီနေရာမှာ ဆရာဦးခင်မောင်ဘဏ် ပြောသွားဖူးတာလေး ဒက်ဒက်ထိမှန်နေတာ အတော်များများပဲဆိုတာတွေ့လာတယ်.....။ ဆရာဦးခင်မောင်ဘဏ် သိမီခဲ့တာက ခေတ်သစ်ပန်းချီလို့ပြောကြတဲ့...ဒြပ်မဲ့လို့လဲခေါ်တဲ့၊ တစ်ချို့
စိတဇပန်းချီလို့လဲခေါ်ဖူးတဲ့ အက်ဘ်စရက် အိတ်စ်ပရက်ရှင် ခေတ်ပါ...ဒါပေမယ့် ရှေ့ကြိုတွေးတတ်သူတွေက သိတယ် ဒီလမ်းဟာ ဘာတွေဖြစ်လာမလဲ ဘယ်လိုရှေ့ကိုဆက်နိုင်မလဲဆိုတာ မှန်းကြည့်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ရပ်မနေတော့တဲ့
လမ်းကိုး...(ဆရာဦးခင်မောင်ဘဏ် ပြောခဲ့တာတွေ သီးခြားဆွေးနွေးပါမယ်) ။ နည်းတွေ စည်းတွေ အကဲဒမစ်သတ်မှတ်ချက်တွေကို ကျော်ဖြတ်တော်လှန်ခဲ့ပီးမှတော့....အဆုံးပန်းတိုင်ကိုလည်း ရေရေရာရာသတ်မှတ်မထားတော့တာမျိုး....။ ဒီတော့ အဆန်းဆိုတာ တကယ်ဆန်းနေတာမျိုးပါ.... ရိုးရိုးလေးကို ရိုးဂုဏ်ရှိတယ်ဆိုပီး နေနိုင်ပေမယ့်
ဆန်းတာနဲ့ယှဉ်ရင် ဘာမှမပြောနိုင်လောက်အောင် ကွာခြားခဲ့ပြီ။ ဆန်းတယ်ဆိုရာမှာ....တစ်ချို့ အသိခေါက်ခက် သူတွေက ကြမ်းတမ်းတာတွေ၊ ရုန်းရင်းတာတွေ ။ မရိုးမသားတွေ၊ ကူလီကူမာတွေ စသည်ဖြင့် ကဲ့ရဲ့ရင်း၊ မျက်နှာလွဲတတ်ကြပါတယ်။ အမှန်တော့ အဲလိုမဟုတ်တာ ခုသိလာကြပါပြီ၊
နောက်လာမယ့် ခေတ်ကာလတွေဟာ.... ဒီလိုမဆီမဆိုင်တွေကို ပြန်ပြန်ရှင်းပြနေရမယ့် အချိန်တွေမဟုတ်လောက်တော့ဘူးလို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ တလွဲ အစွဲမကင်းမှုနဲ့ မျက်စောင်းထိုးနေစရာမလိုတော့ပဲ.... အလှအပဆင်ယင်မှု ဈေးကွက်ဆီကိုသွားတဲ့ ပန်းချီ ပန်းပုစတဲ့ အနုပညာအလုပ်တွေနဲ့
တီထွင်ဆန်းသစ်မှု ခေတ်ရှေ့ဆောင် နိုင်ငံဂုဏ်ဒြပ် ဥာဏ်ပညာတွန်းအားဟု ဆိုကြသော ပုံစံအမျိုးမျိုးအနုပညာများနဲ့ ကွဲပြားခြားနားလာမှာ အသေအချာပါပဲ။ အလှအပဆင်ယင်မှု ဈေးကွက်ရောက် ကျွန်းကျင်လက်မှုအနုပညာတွေက သူ့နေရာသူ အတိုင်းတာအလိုက် ရောက်ရှိပြီး၊ တီထွင်ဆန်းသစ်မှု �

တီထွင်ဆန်းသစ်မှု အနုပညာတွေကလည်း
သူ့အတိုင်းတာအလိုက် သူ့နေရာမှာရောက်ရှိနေမှာပါ့.... ဒီတော့ အားလုံးအနေနဲ့ ကိုယ့်ရွေးချယ်မှု ကိုယ့်ပြဌာန်းချက်အတိုင်း ကိုယ့်ဘ၀ကိုယ်ရွေးချယ်ဖို့ပါပဲ။ လူတစ်ယောက်မှာ
စိတ် ဘယ်နှကိုယ်ခွဲနိုင်မလဲ.... နှခုသုံးခု တွဲလုပ်ရင်း နေထိုင်ရှင်သန်နေကြရမှာတော့ ဖြစ်နိုင်ချေရှိပါတယ်.....ဒါပေမယ့်
တရားရှာသလို ...စိတ်မပြတ်သားသရွေ့ ပေါ်ပင် လူစည်ရာနောက် လိုက်နေသရွေ့....တစ်ခုခုပိုင်နိုင်ရရှိဖို့ ဝေးနေဦးမှာပါ.....။ အမြန်ဆုံး မိမိတို့ ကိုယ်ပိုင်များ ရရှိနိုင်ကြပါစေ။
အောင်မြတ်ဌေး(ဆက်ရန်)
၂၀၁၃၊ ဇွန်လ

Saturday, October 12, 2013

မန္တလေးကို ရန်ကုန်လို ရွေ့စေချင်သူ ပန်းချီနေဇော်


                                                                              ၁၉၈၃၊ စက်တင်ဘာ ၁၄ရက်နေ့မှာ အဖ ဦးဖေသန်း၊ အမိဒေါ်ခင်အုန်းတို့က သူ့ကိုမန္တလေးမြို့ မှာ မွေးဖွားခဲ့တယ်။သူ့အဖေက အထက်မြန်မာပြည် လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့် သူက အဖေနဲ့မတူခဲ့ဘူး။ သူ့အဘိုး Commercial Art ပန်းချီဆရာကြီးဦးဘရင်လိုပဲ ပန်းချီရေးဆွဲဖို့သာ ငယ်စဉ်ကတည်းက စိတ်အားထက်သန်ခဲ့တယ်။ ဘယ်လောက်စိတ်အားထက်သန်ခဲ့သလဲဆိုရင် . . .

'      ကျွန်တော် ငယ်ငယ်က မီးပျက်လည်းပဲ၊ ဖယောင်းတိုင်ထွန်းထွန်းပြီး ညစဉ်ညတိုင်း ပုံရေး ဆွဲလေ့ရှိတယ်၊ အဲဒါကို အမေက အမြဲပဲ အမှတ်တရပြောတတ်တယ်'လို့ ပန်းချီနေဇော်က သူ့ရဲ့ငယ်ဘဝကောက်ကြောင်းကို စတင်ပြောပြ ခဲ့တယ်။

သူ့အဘိုးက သူ ငယ်ငယ်ကတည်းက အနီးကပ် မြင်တွေ့ရင်းနှီးလာသူမို့ သူ့ရဲ့ပန်းချီရေးဟန်တွေက သူ့အဘိုး ပန်းချီဆရာကြီး ဦးဘရင်ဆီက ကူးလူးလာ တာဖြစ်မှာပဲလို့ ကျွန်မက ကောက်ချက်ချလိုက်မိပေ မယ့် သူ့အဖြေစကားကြောင့် ကျွန်မအံ့အားသင့်သွားတယ်။ 

 
ငယ်ငယ်ကတည်းက ကျွန်တော်တကယ်ကြိုက်တဲ့ ပန်းချီ ဆရာကြီး ဦးပေါ်ဦးသက်နဲ့ တွေ့ခဲ့တယ်၊ ဆရာပေါ်ဦးသက်က ကျွန်တော့်ဦးလေး ပန်းချီ ညွှန့်ဝေသစ်ဆီ လာတတ်တယ်ဗျ။ အဲဒီမှာ ကျွန်တော် ဆရာပေါ်ဦးသက်ရဲ့ စကားပြောဟန်၊ ပန်းချီရေးဟန်၊ သူ့ရဲ့ဘဝနေထိုင်မှု ဟန်ပန်ကို အနီးကပ်တွေ့ လိုက်ရတော့တာပဲ။ အဲဒါကျွန်တော် ၁ဝနှစ်သား အရွယ် ကပေါ့။ ကျွန်တော်ခုလိုရေးဆွဲနေတဲ့ ပန်းချီဟန်တွေ၊ အရောင်တွေ၊ ပန်းချီကား ဖွဲ့စည်းပုံတွေက ဆရာပေါ်ဦးသက် ဆီက ကူးလူးလာ ခဲ့တာ၊ အခုလို ကျွန်တော်ဖြစ်လာတဲ့အတွက် ဆရာ ပေါ်ဦးသက်ကို ငယ်ဘဝကတည်းက မဖြစ်မနေတွေ့ ရှိလိုက်တယ်၊ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော် သူ့ရဲ့ ရေးဟန်၊ ကားဖွဲ့စည်းမှု၊ အရောင်တွေကို သိပ်ကိုနှစ်သက်ခဲ့တာ၊ အဘိုးရေးတာတွေကို နေ့စဉ်မြင်တွေ့မိပေမယ့် အဲဒီအချိန်တုန်း ကတော့ ကလေးဆိုတော့၊ သိပ်ပြီးတန်ဖိုးမထားတတ်ခဲ့ဘူး၊ ခုကျမှ နှမြောမိတယ်၊ အဘိုးက မင်းဟိုလိုရေး၊ ဒီလိုဆွဲလို့တော့ မသင်ခဲ့ဘူး။ ကျွန်တော်ကလည်း ငယ်သေးတော့ ဒီလောက် မရူးသွပ်ခဲ့ဘူး။

ကျွန်တော် ၁ဝနှစ်သားအရွယ် လောက် ရူးစပြုချိန်မှာ ဆရာပေါ်ဦးသက်ကို အာရုံထဲ ငြိသွားတာ' ပန်းချီကို ငြိတွယ်ရူးသွပ်သွားခဲ့သလို ဆယ်တန်းအောင်တဲ့အခါ သူ့ဆုံးဖြတ်ချက်က ပန်းချီကျောင်းတက်ဖို့ ကလွဲပြီး တခြားဘာမှမရှိခဲ့ဘူး။ အရင်က ယဉ်ကျေးမှုတက္ကသိုလ်၊ အခု 'အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်'လို့ခေါ်တွင်တဲ့ ကျောင်းမှာ ၂ဝဝ၁ ခုနှစ်က စတက်ခဲ့ပြီး ၂ဝဝ၅ခုနှစ်မှာ ကျောင်းပြီးခဲ့တယ်။ ၄နှစ်တက်ပြီး ဘီအေပန်းချီဘွဲ့ကိုသူပိုင်ဆိုင်ခဲ့တယ်။ နောက်ထပ် ဒီပလိုမာ ဆက်တက်ပြီး ၂ဝဝ၆မှာ ဘွဲ့လွန် ဒီပလိုမာ(ပန်းချီ)ရခဲ့တယ်လို့ သိရတယ်။

'ကျွန်တော်တို့အိမ်မျက်နှာချင်းဆိုင်က မဝေနှင်းခိုင်တိုးက ရန်ကုန်ပန်းချီကျောင်းတက်ပြီး ပြန်လာတယ်၊ သူက သူရေးထားတဲ့ ပုံတွေပြတယ်တော်တော်ကောင်းတယ်ဗျ။

ဒီမှာပဲ ငါရေးနေတာတွေ ဘာမှမဟုတ်သေးပါလားလို့ သိလာတယ်၊ စနစ်တကျ သင်ယူဖို့လည်း လိုသေး တယ်လို့ သဘောပေါက်သွားတယ်၊ အဘိုးကလည်း သူ့အမွေကို ဆက်ခံသူဖြစ်စေချင် ပုံရတယ်။ ဒါနဲ့ပဲ တခြား ဘယ်တက္ကသိုလ်မှ မတက် တော့ဘဲ ယုံကြည်စွာနဲ့ပဲ ပန်းချီကျောင်းတက်ခဲ့တယ်။ အခုအချိန်ထိ ကျွန်တော်ကျောင်းဆင်းခဲ့တဲ့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်မှာပဲ နည်းပြဆရာဘဝနဲ့ တာဝန်ထမ်းဆောင်ရင်း အနုပညာလောကထဲကိုခြေစုံပစ်ဝင် လိုက်တော့တယ်'


အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်သူ၊ သူဟာ အခုအချိန်မှာ မန္တလေးက ယဉ်ကျေးမှုကျောင်းမှာ နည်းပြဆရာတစ်ယောက်။ ဒါပေမဲ့ သူ့ကို အခြေခံကစလို့ 
ခက်ခဲနက်နဲတဲ့ ပန်းချီပညာတွေထိ အဆင့်ဆင့် နည်းပညာတွေ ဖြန့်ဝေလက်ဆင့်ကမ်းပေးခဲ့သူ ဆရာများစွာကို သူ့ရင်မှာ နေ့ရက်အစဉ်အတိုင်း အမည်နာမ နဲ့တကွ မှတ်မိသိရှိနေဆဲ။

'ကျွန်တော့်အဘိုး ဦးဘရင်ဆီက လေ့လာခဲ့တာတွေလည်းရှိသလို တခြားဆရာတွေလည်း ကျွန်တော့်မှာ အများကြီးပဲ ရှိကြတယ်။ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်က ဆရာဦးဇော်ဝင်း၊ ဦးကြည်သိန်း၊ ဦးမြတ်ထွန်းအောင်၊ ဦးစိုင်းမောင်မောင်၊ဦးအောင်စည်သူလှိုင်၊ဦးမင်းလွင်၊ ဒေါ်မြခက်၊ ဒေါ်လွင်လွင်လှိုင်ရွှေ၊ 
ဒေါ်နွယ်နီလေးဝင်းနဲ့ ဒေါ်စန္ဒာဝင်းထွန်းတို့ဆီကနေလည်း လေ့လာသင်ယူခဲ့တယ်။ ကျွန်တာ့်ဦးလေး ပန်းချီညွန့်ဝေသစ်ဆီကလည်း သင်ယူခဲ့တယ်။ မော်ဒန် အတွေးအခေါ် အယူအဆတွေနဲ့ ပတ်သက် ပြီးတော့လည်း ဦးကျော်မိုးသာ၊ ဦးကြည်ဝင်း (မန္တလေး)တို့ဆီကလည်း လေ့လာခဲ့တယ်။ ကျွန်တော့်ဘဝ တစ်လျှောက်လုံး ချန်ထားလို့မရတဲ့ ဆရာတစ်ဦးလည်း ရှိသေးတယ်။ သူကတော့ ကျွန်တော်က လေးလေးငြိမ်းလို့ခေါ်တဲ့ ပန်းချီဦးချစ်ငြိမ်းပါ။ ဆရာကြီးနဲ့ ကျွန်တော်က ၂ဝဝ၄ ကျောင်းမဆင်းခင်ကစပြီး တွေ့ခဲ့တာ၊ သူ့ဆီကို အစဉ်တစိုက် သွားရောက်လေ့လာခဲ့တယ်။ ဆရာကြီးက ကျွန်တော့်ကို ခေတ်သစ်ပန်းချီရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို စနစ်တကျ သင်ကြား၊ ပြောပြခဲ့တယ်။

ကျွန်တော့်ဘဝအတွက် ခေတ်သစ်ပန်းချီလမ်းကြောင်းထဲ
ရောက်အောင် သူက ပို့ဆောင်ပေးခဲ့တာလို့ ပြောလို့ရ တယ်ဗျ 'သူက ပြည်တွင်းက ပန်းချီဆရာတွေမှာ ဦးဘသက်၊ ဦးခင်မောင်(ဘဏ်)၊ ဦးပေါ်ဦးသက်၊ ဦးစိန်မြင့်နဲ့ ပန်းချီ ဦးချစ်ငြိမ်း(သူ့အခေါ်လေးလေးငြိမ်း)တို့ကို အားကျ
 နှစ်သက်သူ။

ပြည်ပအနုပညာရှင်တွေမှာတော့ ကမ္ဘာကျော် ပန်းချီ သမားကြီးတွေဖြစ်တဲ့ မားတီးစ်၊ ဗန်ဂိုး၊ ပီကာဆိုတို့ကို ရူးရူးမူးမူးသဘောကျတယ်လို့ ပြောပြခဲ့တယ်။ 

လူတွေကတော့ ဟုတ်ပါပြီ။ ပန်းချီရေးတဲ့ မီဒီယမ်တွေ ထဲမှာရော သူ့အကြိုက်တွေက ဘယ်ဟာတွေလဲမသိ။

'မီဒီယမ်တွေ အမျိုမျိုးအထွေထွေထဲမှာ ကျွန်တော်တော့ acrylic ရယ်၊ water color ရယ်၊ oil pastel ရယ် ပိုနှစ်သက်လို့ ဒါတွေပဲ ခပ်များများ ရေးဖြစ်တယ်။ အခု လတ်တလောမှာ oil pastel ကို ပိုပြီး အာရုံကျနေတယ်၊ ပိုပြီးရေးဖြစ်တယ်၊ စိတ်ထဲမှာ ရေးလိုက်ရင် တခြားဟာနဲ့မတူဘဲ ပိုပြီးလွတ်လပ်တယ်၊ ပိုပြီးပျော်တယ်လို့ ကိုယ့် ကိုယ်ကိုယ် ထူးထူးခြားခြား ခံစားမိတယ်'


သူ့ရဲ့ပန်းချီကားတချို့ကို ကြည့်တဲ့အခါ အမြင်အာရုံကို လွတ်လပ်ပေါ့ပါးစွာ သိမ်းကြုံးဖမ်းစားလိုက်သလို အရသာတစ်မျိုးပေးစွမ်းနိုင်တာကို သတိပြုမိခဲ့တယ်။ အထူးသဖြင့်

ရွှေတိဂုံ ၊ တို့ကျောင်း၊ ဘယ်အချိန်ရှိပြီလဲဆိုတဲ့ ပန်းချီကားတွေ။ ကြည့်မိသူဘက်ကနေ လွတ်လပ်ပေါ့ပါးစေတဲ့ space နေရာလွတ် ၊ ပြင်ကျယ်ကြီးတွေကို ကား တချို့မှာ
မြင်ရတယ်။

ဒီကားတွေကို သူဘယ်လို စိတ်ကူးနဲ့ ဖန်တီးခဲ့တာပါလိမ့်။

'တကယ်တော့ အဲဒီလ space တွေလွှတ်တာကလည်း ရိုးရိုးလေးပါ၊ ကျွန်တ်ာကိုယ်တိုင်ကလည်း လွတ်လွတ်လပ်လပ်နဲ့ အသက် ရှူချောင်ချောင် နေချင်မိတယ်၊ ကျွန်တ်ာတို့ကျင်လည်ရတဲ့ လက်ရှိ ဘဝကလူတွေကိုအသက်ရှူကျပ်စေတဲ့ အရာတွေ ပြည့်နှက်နေတယ်မို့လား။ 
အသက်ရှူချောင်ချောင် လည်လည် နေချင်မိတဲ့ စိတ်ခံစားမှုက ကျွန်တော်ရေးလိုက်တဲ့ ပန်းချီကားတွေထဲမှာ သွားပြီး ပုံရိပ်ထင်ကုန် တာဗျ။ ပန်းချီကားတွေမှာ ရောင်ပြန်ဟပ်လာတယ်ပေါ့။ ဒါကြောင့် ကြည့်သူကိုလည်း ကျွန်တော့်လို ဖြစ်စေချင်၊ ခံစားစေချင်၊ လွတ်လပ်စေချင်၊ အသက်ရှူချောင်စေချင်တယ်ပေါ့ဗျာ။ ရှိသေး တယ် ဈေးချိုတစ်ခေါက်၊ ကျုံးတော်ပတ်လည် နောက်တော်တော် များများပဲရှိတယ်။ ကျွန်တော်ပန်းချီရေးတော့မယ်ဆိုရင် sketch တွေ အရင်ထုတ်တယ်၊ cropping လုပ်တယ်၊ ကား ဖွဲ့စည်းပုံမှာ စိတ်ကြိုက်ဖွဲ့စည်းတယ်။

အရောင်တွေရော စိတ်ကြိုက်ဖွဲ့စည်းပြီးမှ ရေးဆွဲတယ်။ ဓာတ်ပုံအတိုင်း ဘယ်တော့မှ မရေးဘူး။ ကျွန်တော်က sketch ကို အားကိုးတယ်။ ဒါကလည်း ဒီဇိုင်းသမားတွေရဲ့
အားသာချက်တစ်ခု ပေါ့ဗျာ'

ပြောရရင် သူက ငယ်ရွယ်သေးတဲ့ ပန်းချီသမားတစ်ယောက်ပါ။ ငယ်ရွယ်ပေမယ့် ပန်းချီအရာမှာ နေရာ တစ်ခု စိုက်စိုက်မတ်မတ် ထူထောင်ပြီးခဲ့သူ။ အနုပညာ လောကမှက
ဟိုဟာကောင်းနိုး၊ ဒီဟာဟုတ်နိုးနဲ့ စမ်းတဝါးဝါး လျှောက်လှမ်းနေသူတွေလည်း အပုံအပင် ရှိနေတယ် ဆိုတော့ အဲဒီလို မျက်နှာသစ်ပန်းချီသမားနုနုနယ်နယ် တွေအတွက် သူ
အကြံဥာဏ်ကောင်းတွေ ပေးနိုင်မယ် ထင်ရဲ့။

'တကယ်တော့ ကျွန်တော်လည်း အခုအချိန်ထိ ဘယ်အဆင့်မှ မရောက်သေးပါဘူး၊ ကိုယ်ယုံကြည် တာကိုပဲ တစိုက်မတ်မတ် လုပ်နေတဲ့သူပါ။ ဒါကြောင့် ကျွန်တော့်လို ဝါသနာပါသူ ညီအစ်ကို မောင်နှမအားလုံးကို ပန်းချီပညာရဲ့ အခြေခံ သဘော တရားတွေ၊ ပန်းချီ သီအိုရီတွေကို စနစ်တကျလေ့လာပါ။ နောက်ပြီး ပန်းချီမှာလည်းဂီတလိုပဲ အကိုင်း၊ အရွက်၊ အခက်တွေ အများ ကြီးပဲ။ ကိုယ်ဘာကို ယုံကြည်တာလဲ၊ အရင်၊ ရှာဖွေရမယ်၊ သိအောင်လုပ်ရမယ်။ ကိုယ်ဘာကို ယုံကြည်တာလဲသိမှ ကိုယ်ယုံကြည်တာကို တစိုက် မတ်မတ်လုပ်နိုင်မယ်၊ ဒါကြောင့် ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာနဲ့ အစဉ်တစ်စိုက် လိုက် ပါလို့ ပြောချင်တာ ပါပဲ။ နောက်တစ်ခု ဆရာကြီး ဦးခင်မောင်သန်း စကားကို လက်ဆင့်ကမ်းရမယ်ဆိုရင် ဘာပဲလုပ်လုပ် အကောင်း ဆုံးလုပ်ပါ၊ တံမြက်လှည်းရင်တောင် အပြောင်ဆုံး လှည်းကျင်း လိုက်ပါ ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒီလိုပဲ ခံယူထားတယ်ဗျာ'

ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်၊ တံမြက်စည်း လှည်းရင်တောင် အပြောင်ဆုံးလှည်းဆိုတဲ့စကားက မှတ်သားစရာဖြစ်ခဲ့တယ်။ လူသားအားလုံး ဒီလိုစိတ်ထားပြီး
လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်လောက် 
ကောင်းမှာပါလိမ့်လို့ အတွေးတွေ ဆန့်ထွက်နေမိတယ်။ ပိုကောင်းတာကို မမြင်တတ်သေးသရွေ့တော့ ကိုယ်လုပ်တာကိုပဲ အကောင်းဆုံးလို့ အထင်ရောက် နေမှာ အသေအချာ။ ဒါကြောင့် ပိုကောင်း တာကို မြင် အောင်ကြည့်ဖို့ ကျွန်မသင်ခန်းစာရလိုက်မိတယ်။ ရန်ကုန် နဲ့ မန္တလေးမှာရော ဘယ်ဟာ ပိုကောင်းနေပြီလဲ။ ရန်ကုန် ပန်းချီလောကနဲ့ မန္တလေးပန်းချီလောက၊ ဘာက ပိုကောင်းလို့ ဘယ်ဟာက အကောင်းဆုံးဖြစ် နေပြီလဲ သိချင်လာပြန်တယ်။

'မန္တလေးပန်းချီလောကကို ပြောရမယ်ဆိုရင်တော့သိပ်ပြီး
တော့ကျေနပ်မှုမရှိလှဘူး။ ဘာလို့လဲဆိုတော့ ပြခန်းတွေ 
ကောင်းကောင်းမရှိဘူး။ နောက်ပြီး ဝယ်ယူစုဆောင်းသူ၊
ကြည့်ရှုသူသိပ်ကို နည်းပါးတယ်။ပြောရမယ်ဆိုရင် လှုပ်ရှားမှုတော်တော်လေး နည်းတယ် (ကျွန်တော်တို့ အပါအဝင်ပေါ့) ရန်ကုန်မှာဆို ပြပွဲ တွေ အများကြီး ရှိတယ်။ပြခန်းတွေကလည်း ပြပွဲတွေ အပြိုင်အဆိုင် လုပ်ကြတယ်။ နှစ်ပတ်လည်ပွဲတို့၊ မြို့ နယ်ပွဲတို့၊ group ပွဲတို့ လုပ်ကြတယ်။ အသစ်တွေရှိ လာတယ်၊

အမြဲတမ်းလှုပ်ရှားနေတာဆိုတော့ရှေ့ကိုရောက်တာပေါ့ဗျာ။ မန္တလေးမှာက ပြခန်းတွေ ကောင်းကောင်းမရှိလို့ မလှုပ်ရှားနိုင်ဘူး။ တချို့ မန္တလေး ပန်းချီဆရာတွေ ကတော့ ရန်ကုန်ဆင်းပြီး ပြပွဲလုပ်ကြ၊ လှုပ်ရှားကြတာတွေ့ရတယ်။ သူတို့လည်း ရှေ့ကို ရောက် သွားကြတယ်။ တကယ်ရောက်သွား ကြတယ်။ ရန်ကုန်က အရာရာပိုကျယ်ပြန့်တယ်လေ။ ဒီလိုမျိုး မန္တလေး ပန်းချီလောကကို ဝေဖန်မိတာတော့ သိပ်မကောင်းလှဘူးပေါ့ဗျာ။ မင်းက ဘာကောင်လဲ၊ မင်းကရော ဘာလုပ် ပေးနိုင်လို့လဲ ထင်သွားနိုင်တယ်။ ဒါကလည်း ကျွန်တော် ပန်းချီမျိုးဆက်သစ်တစ်ဦးအနေ နဲ့ မြင်တဲ့အတိုင်းလေး ပြောကြည့်လိုက်တာပါ။ ဆန္ဒ အမှန်က မန္တလေးပန်းချီ လောကကို ဒါ့ထက် ပိုတိုးတက်စေချင်တာပါပဲ။ အဘက် ဘက်ကပေါ့။ ပန်းချီဆရာ တွေကိုလည်း လွတ်လပ်စွာဖန်တီးခွင့်နဲ့ အတူ၊ အားလုံးကို လက်ရှိ အနေအထားထက်ပို ပြီးအဆင်ပြေစေချင်တယ်။ ရန်ကုန်လိုပဲ မန္တလေး ပန်းချီလောကကိုလည်း ပြခန်းတွေ၊ အရောင်းအဝယ်တွေ၊ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လှုပ်ရှားမှုတွေ အများကြီးနဲ့ အသက်ဝင်လာပြီး ရန်ကုန်လို ရွေ့နေစေချင်တယ်'

အားမလိုအားမရစိတ်၊ မန္တလေးကိုချစ်တဲ့စိတ်တွေနဲ့အတူ သူနေတဲ့မန္တလေးကို မြို့ပြရန်ကုန်လို ခပ်လှလှ ဖြစ်စေချင်တဲ့ သူ့သဘောကို စာနာနားလည်မိလိုက်တယ်။
မန္တလေးဟာ ရန်ကုန်လို ပန်းချီရေးရာလှုပ်ရှားမှု တွေနဲ့ လှလှပပဖြစ်ပါစေလို့ အသံတိတ်ဆုတောင်းပေး လိုက်တယ်။ ပန်းချီလှုပ်ရှားမှုအပိုင်းမှာ ရန်ကုန်လောက် သိပ်မရွေ့တဲ့
မန္တလေး၊  အဲဒီမန္တလေးမှာ သူကရော ဘယ်လိုဆက်ပြီး စီးမျောသွားမှာလဲ . . .။

' ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တဲ့ ရေးဟန်စတိုင်ကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်နဲ့ ဆက်ရေး သွားမယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်မယ်လို့ စိတ်ထဲမှာထားပြီး လုပ်ကိုင်မယ်။ ကျွန်တော့် ပန်းချီကားတွေ ရောင်းရသည်ဖြစ်စေ၊ မရောင်းရဘဲ ကျန်နေသည်ဖြစ်စေ ကိုယ်ယုံကြည်တာကို အစဉ် တစိုက် ရေးဆွဲသွားမယ်။

လွတ်လပ်သန့်ရှင်းတဲ့စိတ်နဲ့ပဲ ပန်းချီကို အားထုတ်ဖန်တီးသွားမယ်။ ကျွန်တော်က ဟိတ်ဟန်တွေထုတ်ပြီး မဖြတ် သန်းချင်ဘူး၊ ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်'

List of Art Exhibition

2004-New Generation art exhibition Kuthodaw art gallery, Mandalay.
2006-Pan Zan art exhibition Kuthodaw art gallery, Mandalay.
2006-New Generation 2 art exhibition Kuthodaw art gallery, Mandalay.
2006-Tears Color art exhibition, Lawkanat art gallery, Mandalay.
2006-Five Series art exhibition,Kuthodaw art gallery,Mandalay.
2006-Classic and Contemporary fine art show,Yadanapon art gallery,Yangon.
2006-All Myanmar art exhibition, City Hall, Mandalay.
2008-Art for Help, donation art exhibition, Panthusandar art gallery,Mandalay.
2008-Nargis donation art exhibition,Lawkanat art gallery,Yangon.
2009-Direction Three art exhibition, Mandalay.
2010-Unity art exhibition Kuthodaw art gallery, Mandalay.
2010-Kathain donation art exhibition, Sinphyudaw art gallery, Mandalay.
2010-My Friends Mandalay art exhibition, Yangon.
2011-The Seeder art exhibition, Thiriwuttsa, Mandalay.
2011-Six Senses art exhibition,Yangon
2011-Our Beloved Mandalay art exhibition, Damatharla Hall, Mandalay.
2012-Rhythm art exhibition, Sinphyudaw art gallery, Mandalay.
2013-Winner Travel art exhibition, Myanmar Ink art gallery, Yangon.
2013-Feburary Dearum art exhibition, Kuthodaw art gallery, Mandalay.

address : No.168/1, 84th Street, 32ndx 33rd st, Mandalay, Myanmar
phone : 09 43003340, e-mail:nayzawartist@gmail.com


ဂျူနီယို